မြန်မာပရိသတ်များက ဂျွန်စောအဖြစ် အသိများတဲ့ ကိုရီးယားမင်းသား ဆောင်ဆမ်ဟွန်း (Song Seung-heon) နဲ့ ချန်ဂင် အဖြစ် အသိများတဲ့ ကိုရီးယားမင်းသမီး လီယောင်အေး (Lee Young-Ae) တို့ဟာ ကိုရီးယား SBS ရုပ်သံဇာတ်လမ်း “Saimdang, the Herstory” လို့ ယာယီနာမည်ပေးထားတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူး နေတယ်လို့ သိရပါတယ်။
လီယောင်အေးဟာ “နန်းတွင်းရတနာ” (Jewel in the Palace) ရုပ်သံဇာတ်လမ်းရိုက်ကူးပြီးတဲ့နောက် နောက်ထပ် တခြား မည်သည့် ရုပ်သံဇာတ်လမ်း၊ ရုပ်ရှင်ဇာတ်ကားကိုမှ မရိုက်ကူးတော့ဘဲ Saimdang ရုပ်သံ ဇာတ်လမ်းကို ပထမဦးဆုံး ပြန်လည်ရိုက်ကူးခြင်း ဖြစ်ပါတယ်။
ဒီရုပ်သံဇာတ်လမ်းမှာ လီယောင်အေးဟာ နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး လက်တွေ့ဘဝမှာတော့ တက္ကသိုလ်မှ သမိုင်း ကထိက ဆရာမတစ်ဦး၊ သမိုင်းကိုလေ့လာနေတဲ့ သုတေသနပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ ဂျိုဆွန်ခေတ်က ထူးခြားတဲ့ ပန်းချီဆရာမ “ဆမ်ဒေါင်”အကြောင်းကို လေ့လာနေပြီး ဆမ်ဒေါင်ဟာ အံ့သြဖွယ်ကောင်းတဲ့ ထူးခြားတဲ့ ပန်းချီလက်ရာများကို ဖန်တီးနိုင်တဲ့သူဖြစ်ပါတယ်။ လီယောင်အေးဟာ သမိုင်းကထိက ဆရာမအဖြစ်ကော ပန်းချီဆရာမ “ဆမ်ဒေါင်”အဖြစ်ပါ နှစ်ကိုယ်ခွဲပြီး သရုပ်ဆောင်ထားတာကို ဒီရုပ်သံဇာတ်လမ်းတွဲမှာ တွေ့ရှိရမှာ ဖြစ်ပါတယ်။
အိမ်ထောင်ကျပြီးတဲ့နောက် အိမ်ထောင်ရှင်မအဖြစ်နဲ့သာ နေထိုင်ခဲ့ပြီး သရုပ်ဆောင်အလုပ်တွေမှာ အနားယူခဲ့တဲ့ လီယောင်အေးက အခုလို သရုပ်ဆောင်အလုပ်ကို ပြန်လည်လုပ်ကိုင်ရတဲ့ အပေါ် “ကျမအနေနဲ့ ၁၀နှစ်လောက် သရုပ်ဆောင်လောကနဲ့ ကင်းကွာခဲ့ရတော့ ဇာတ်ကောင်စရိုက်နဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားနေပါတယ်” လို့ သူမရဲ့ ခံစားချက်ကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။
ဆက်ပြီး သူမ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်အပေါ် သူမက “နှစ် ၅၀၀ လောက် ကင်းကွာတဲ့ မိန်းမနှစ်ယောက်ရဲ့ ဇာတ်ကောင်စရိုက်ကို တပြိုင်တည်းသရုပ်ဆောင်နိုင်ဖို့အတွက် ကျမကြိုးစားသွားပါ့မယ်” လို့ ဆိုပါတယ်။
ဆောင်ဆမ်ဟွန်းကတော့ ဂျိုဆွန်ပြည်ရဲ့ တံခါးမှူးအဖြစ်သရုပ်ဆောင်မှာဖြစ်ပြီး သူက “လီယောင်အေးနဲ့ အတူတွဲ သရုပ်ဆောင်ရမှာဖြစ်လို့ ရင်ခုန်နေမိတယ်” လို့ ဆိုပါတယ်။ သူ့အနေနဲ့ “လီယောင်အေးလို သရုပ်ဆောင်နဲ့အတူတွဲပြီး သရုပ်ဆောင်ရမယ်လို့ မမျှော်လင့်ခဲ့ပါဘူး၊ ဒါအိမ်မက်တခုလိုပါပဲ” လို့ ဆိုပါတယ်။ ဆောင်ဆမ်ဟွန်းဟာ ဒီလို ရာဇဝင် ဇာတ်ကောင်တွေကို သရုပ်ဆောင်ဖူးခြင်း မရှိပေမယ့် အတတ်နိုင်ဆုံး ပီပြင်အောင်သရုပ်ဆောင်မယ်လို့ ဆိုပါတယ်။
ဆောင်ဆမ်ဟွန်းအနေနဲ့ MBC မှ ရုပ်သံဇာတ်လမ်းကို ၂၀၁၃ ခုနှစ်က နောက်ဆုံးသရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင် ဇာတ်ကားတွေမှာသာ သရုပ်ဆောင်ခဲ့ပါတယ်။ ဆောင်ဆမ်ဟွန်းဟာ ၂၀၁၅ ခုနှစ်က ထိုင်ဝမ် ရုပ်ရှင်ဇာတ်ကား “The Third Way of Love” မှာ နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့ပြီး အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးဖြစ်တဲ့ လီယုဖိုင်နဲ့ ချစ်သူတွေ ဖြစ်နေတယ်လို့ သတင်းကြီးနေပါတယ်။
“Saimdang, the Herstory” ရုပ်သံဇာတ်လမ်းကို ၂၀၁၆ ခုနှစ်မှာ SBS ရုပ်သံကနေ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Ref : www.dramabeans.com