Event

စနေ၊ တနင်္ဂနွေ သွားစရာပွဲများ

This article has been converted from Zawgyi One to Unicode

ဒီတပတ် စနေ၊ တနင်္ဂနွေမှာ “ဘယ်သွားမလဲ၊ ဘာလုပ်မလဲ” ကဏ္ဍကနေ ကျနော်မိတ်ဆက် ပြောပြပေးမယ့် ပွဲတွေကတော့ “Job Fair 2016” အလုပ်အကိုင်ပြပွဲ၊ အဆိုတော် G-Fatt ရဲ့ “ဂျင်” တေးစီးရီး မိတ်ဆက်ပွဲနဲ့ “A Golden Evening of Music” Orchestra ဖျော်ဖြေပွဲတို့ပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သုံးရက်တာ ကျင်းပပြုလုပ်မယ့် JobNet.com.mm ရဲ့ (၈) ကြိမ်မြောက် “Job Fair 2016” အလုပ်အကိုင်ပြပွဲကိုတော့ ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမမှာ ပြုလုပ်မှာဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရှာဖွေနေသူ လူငယ်လူရွယ်များအတွက် အထူး သွားရောက်သင့်တဲ့ ပွဲတပွဲပါ။

အဲဒီပွဲမှာဆိုရင် အလုပ်အကိုင်ရှာဖွေသူများအတွက် DKSH ၊ UMG ၊ Oway ၊ CB Bank စတဲ့ နာမည်ကြီး ထိပ်တန်း ကုမ္ပဏီကြီးများမှ HR များနဲ့တွေဆုံပြီး အလုပ်ခန့်အပ်မှုများအတွက် တိုက်ရိုက် ဆွေးနွေးသွားမယ့် အခွင့်အရေးတွေလည်း ရရှိနိုင်တာကြောင့် အလုပ်အကိုင်ရှာဖွေနေတဲ့ လူငယ်တွေအတွက် လက်မလွတ် သင့်တဲ့ပွဲလေးပါ။

ဒါ့အပြင် ဒေါက်တာအောင်ထွန်းသက်၊ ဦးအောင်ချစ်ခင်၊ ဦးလှဘုန်းအောင်၊ ဦးတင်မောင်သိန်း၊ ဦးညီညီမောင်၊ ဒေါ်နော်သက်သက်ထွန်းစတဲ့ စီးပွားရေးပညာရှင်တွေရဲ့ ဟောပြောပွဲအစီအစဉ်တွေ၊ Workshop တွေကိုလည်း အလုပ်အကိုင်ပြပွဲမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် အဆိုတော် G-Fatt ရဲ့ “ဂျင်” တေးစီးရီး မိတ်ဆက်ပွဲ ကတော့ ညနေ ၄ နာရီကနေ ၆ နာရီထိ ရန်ကုန်မြို့၊ Junction Square Outdoor Area မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး G-Fatt နဲ့ အနုပညာရှင် သူငယ်ချင်းက အမှတ်တရ လက်မှတ်ရေးထိုး ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

ပထမဆုံး ဝယ်ယူအားပေးသူ ၁၀၀ ဦးအတွက်လည်း အမှတ်တရ လက်ဆောင်တွေ စီစဉ်ထားတာမိုလို့ အဆိုတော် G-Fatt ကို အားပေးတဲ့ လူငယ်ပရိသတ်တွေ အဲဒီပွဲကို သွားရောက် လက်မလွှတ်ဖို့ လက်တို့ ပေးလိုက်ပါတယ်။

နောက်ထပ် ပြောပြပေးမယ့်ပွဲကတော့ ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ တနင်္ဂနွေနေ့ ညနေ ၆ နာရီခွဲ အချိန်၊ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်း၊ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်မယ့် “A Golden Evening of Music” Orchestra ဖျော်ဖြေပွဲ ဖြစ်ပါတယ်။

မြန်မာဂီတပွဲတော်မှ စီစဉ်တဲ့ “ရွှေရောင်ဂီတညနေခင်း” (A Golden Evening of Music) လို့ အမည်ရတဲ့ Orchestra ဂီတဖျော်ဖြေပွဲမှာ မြန်မာ့ဂီတပညာရှင်တွေ၊ တိုင်ပေမှ ဂီတသံစုံတီးဝိုင်းနဲ့ မြန်မာဂီတပွဲတော်ရဲ့ ဒါရိုက်တာများဖြစ်ကြတဲ့ စန္ဒယားပညာရှင် Kaiyin Huang နှင့် Kimball Gallagher တို့မှ ပူးပေါင်း ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။

မတူညီတဲ့ မြန်မာ့ဂီတပေါင်းစပ်မှုများကို ရင်သပ်ရှုမောဖွယ် ခံစားရမယ့် အဆိုပါ ဂီတဖျော်ဖြေပွဲမှာ မြန်မာ သီချင်းများဖြစ်တဲ့ “တိမ်တမန်” ၊ “ဆောင်းရယ်နှင်းရယ် ကိုယ့်ချစ်သူရယ်”၊ “ဧရာဝတီ” စတဲ့ သီချင်းများနဲ့အတူ ဂီတပညာရှင် ဓိရာမိုရ်ရဲ့ဖန်တီးမှု လက်ရာတခု ဖြစ်တဲ့ “End of This Life” သီချင်းကိုလည်း တီးခတ် ဖျော်ဖြေသွားမှာပါ။

ဒီပွဲဟာလည်း ဂီတချစ်သူတွေအတွက် သွားရောက်ကြည့်ရှု နားထောင်သင့်တဲ့ ဝင်ကြေးအခမဲ့ Orchestra ဖျော်ဖြေပွဲကြီးဖြစ်တာကြောင့် လတ်မလွှတ်ပဲ တနင်္ဂနွေညနေခင်းကို “ရွှေရောင်ဂီတ ညနေခင်း” အဖြစ် အချိန် ကုန်ဆုံးရင်း ဒီတပတ် စနေ၊ တနင်္ဂနွေပိတ်ရက်မှာ အားလုံးပျော်ရွှင် အကျိုးရှိစွာ ဖြတ်သန်းကြရအောင် ကျနော် သိထားတဲ့ ပွဲတချို့ကိုလက်တို့ပေးလိုက်ပါတယ်။

Loading