သရုပ်ဆောင်အကယ်ဒမီ ဦးအောင်ခိုင်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ညက ကားမတော်တဆမှုကြောင့် အရေးပေါ်ခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီး ယခုအခါ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရတဲ့အခြေအနေကို ကျော်လွန်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဦးအောင်ခိုင်မှာ ကားမတော်တဆမှုကြောင့် နံရိုးသုံးချောင်းကျိုးသွားခဲ့ပြီး ရင်ညွန့်ကနေ ချက်အထိခွဲထားရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဦးအောင်ခိုင်ရဲ့ ကျန်းမာရေးအခြေအနေအား ဇနီးဖြစ်သူ သရုပ်ဆောင် ဒေါ်ဝါဝါအောင်ကို ဧရာဝတီက မေးမြန်းတဲ့အခါမှာတော့ “ဒီနေ့တော့တော်တော်လေး အခြေအနေကောင်းပါတယ်။ သူတို့ စောင့်ကြည့်နေတဲ့ စိုးရိမ်ရတဲ့အခြေအနေ သုံးရက်ကို ကျော်သွားပြီဖြစ်တဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေကနေ လွန်မြောက်သွားပါပြီ၊ အခု နှာခေါင်းပိုက်ကိုလည်း ဖြုတ်သွားပြီ၊ ဗိုက်က သူငယ်ရည်တွေထုတ်တဲ့ပိုက်ကိုလည်း ပြန်ဖြုတ်သွားပါပြီ။ ဒါကြောင့် တော်တော်လေး အခြေအနေကောင်းသွားပါပြီ။ သတိကလည်းရနေပြီ၊ စကားတွေလည်း ပြန်ပြောနေနိုင်ပါပြီ” လို့ ပြောပြပါတယ်။
ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး သတိလည်းပြန်ကောင်းလာပေမယ့် ဆေးရုံကနေတော့ ဘယ်နေ့ ဆင်းရမယ်ဆိုတာ မသိရှိသေးကြောင်းကိုလည်း ဒေါ်ဝါဝါအောင်က ပြောပြပါတယ်။ သရုပ်ဆောင်အောင်ခိုင်မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ည ဦးဝိစာရလမ်းမှာ ရှေ့မှ ကားကိုရှောင်တိမ်းရာက လမ်းလယ်ရှိ ကွန်ကရစ်တုံးနဲ့တိုက်မိပြီး သတိမေ့ကာ ဆေးရုံမှာ အရေးပေါ် ခွဲစိတ်ကုသမှုကိုခံယူခဲ့ရတာဖြစ်ပါတယ်။