မြန်မာ့ဂီတရေစီးကြောင်းထဲမှာ Rock ဂီတဟာ တခေတ်တခါ ဆိုသလို ရှိခဲ့ဖူးပါတယ်။ ခုထိလည်း Rock ဂီတကို ရူးရူးမူးမူး ဖက်တွယ်ထားသူများလည်း ဒုနဲ့ဒေးပါ။ ၂၀၁၀ နောက်ပိုင်း လူငယ်တော်တော်များများဟာ Hip Hop ဘက်ရောက်သွားကြ သလို တချို့ကတော့ Rock မှ Rock ဆိုပြီး ရှင်သန်ရပ်တည်နေကြတာကိုလည်း တွေ့နေရပါတယ်။
အဲဒီ Rock ရေစီးကြောင်းထဲကမှ Rock ဂီတကို ခုံခုံမင်မင်နဲ့ မခွဲအတူရှိနေပြီး ၂၀၁၄လောက်က အနက်ရောင်ဒိုင်ယာရီ ဆိုပြီး တေးစီးရီးခွေထွက်ရှိထားတဲ့ Rock အဆိုတော် ဇော်ထွဋ် ကို အနုပညာနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဆောင်နေသလဲ ဆိုတာ ဧရာဝတီသတင်းဌာနမှ ကော်ပီအယ်ဒီတာ k ငြိမ်းချမ်းက တွေ့ဆုံမေးမြန်းတင်ဆက်ထားပါတယ်။
မေး ။ ။ ဂီတဖြတ်သန်းခဲ့ပုံလေး အကျဉ်းပြောပြပေးပါဦး။
ဖြေ ။ ။ ကျနော် ၁၉၉၉ လောက်ကတည်းက ပြင်ဆင်ခဲ့ပါတယ်။ အရင်ကတည်းက ကော်ပီသီချင်းတွေစရေးတယ်။ တဖြည်း ဖြည်းနဲ့ owntune သီချင်းတွေစမ်းရေးဖြစ်တယ်။ အဲဒီလို လုပ်လာရင်း အခွေစထုတ်ဖြစ်တာက ၂၀၁၄ ပေါ့။ ကြားထဲမှာ လည်း လုပ်ဖြစ်ခဲ့တဲ့ခွေတွေရှိတယ်။ မထွက်ဖြစ်ခဲ့တာပေါ့။
မေး ။ ။ ခု ဂီတနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်ဆောင်နေလဲ ပြောပြပေးပါ။
ဖြေ ။ ။ လောလောဆယ်တော့ သီချင်းတွေ ပုံမှန်တော့ ရေးနေပါတယ်။ ကိုယ်အားသန်တဲ့ Rock သီချင်းတွေပဲ ကိုယ့်အ တွက် အဓိကထား ရေးဖြစ်နေတယ်။
မေး ။ ။ ဒုတိယအခွေကို ဘယ်လို အမည်ပေးထားသလဲ။ ကိုယ်ပိုင်သံစဉ်တွေပဲလား။
ဖြေ ။ ။ ကိုယ်ပိုင်သံစဉ်ပါပဲ။ ကျောက်သားခြေရာလို့ ပေးထားတယ်။ အားလုံး ကိုယ်ပိုင်သံစဉ်တွေပါပဲ။ ဒီကျောက်သား ခြေ ရာ single ခွေလေးကိုလည်း ပြီးခဲ့တဲ့တပတ်လောက်ကတည်းက Myanmar music store ရောင်းချပေးနေပါတယ်။ ဝယ်ယူ အားပေးဒေါင်းလုပ်လုပ်ပြီး နားထောင်လို့ရနေပါပြီ။
မေး ။ ။ ကိုယ်ပိုင်သံစဉ်တွေပဲ ဘာကြောင့်ရွေးလုပ်ခဲ့တာပါလဲ။
ဖြေ ။ ။ ကိုယ်ပိုင်သံစဉ်ကို ဘာလို့ရွေးချယ်သလဲဆိုတော့ ကော်ပီတွေမကြိုက်လို့တော့မဟုတ်ပါဘူး။ ကျနော်ကြိုက်တဲ့ ကော်ပီသီချင်းတွေအများကြီးရှိတယ်။ ကျနော်လေးစားရတဲ့ပြည်ပက အဆိုတော်တွေသီချင်းတွေအများကြီးရှိတယ်။ တဖြည်းဖြည်းနဲ့ ဘာပြောင်းလာသလဲဆိုတော့ owntune ဘက်ရောက်လာကြတာပေါ့။ owntune ကလည်း လုပ်ကို လုပ်ရမယ့် အရာတခုပါပဲ။
မေး ။ ။ တေးရေးတွေ ပြောပြပေးပါဦး။
ဖြေ ။ ။ ခု ဒုတိယခွေ ကျောက်သားခြေရာမှာ တခွေလုံးနီးပါးကို ကျနော် ရေးပါတယ်။ ကျနော့်သူငယ်ချင်း တေးရေး သာယံ နဲ့ သူနဲ့တွဲရေးတဲ့ သီချင်း၂ပုဒ်ပါပါတယ်။
မေး ။ ။ ဘယ် band နဲ့ တီးထားတာလဲ။ Playerတွေ ပြောပြပေးပါဦး။
ဖြေ ။ ။ ခွေရဲ့တဝက်ကျော်ကျော်လောက်ကို Tri Angle band နဲ့တီးထားပါတယ်။ နောက်တဝက်ကိုတော့ section player တွေနဲ့တီးမှာပါ။ Tri Angle မှာက ဂစ်တာ-ကိုဒူး၊ဘေ့စ်-ကိုဆဲလ်နေ၊ ကီးဘုတ်က ကိုပိပိ၊ ဒရမ်က ဘိုတောက်
မေး ။ ။ အနက်ရောင်ဒိုင်ယာရီဆိုပြီး ၂၀၁၄ခုနှစ်က ခွေထွက်ထားတယ်လို့ သိရတယ်။ အနက်ရောင်ဒိုင်ယာရီမှာရော တေးရေးနဲ့ သီချင်းအမျိုးအစားတွေ ပြောပြပေးပါ။
ဖြေ ။ ။ အနက်ရောင်ဒိုင်ယာရီက ၂၀၁၄ ဒီဇင်ဘာမှာ ထွက်ခဲ့တာပေါ့။ အဲ့တခွေလုံး ကျနော်တယောက်တည်း ရေးခဲ့တာပါ။ ကိုယ်ပိုင်သံစဉ်တွေချည်းပဲ။ သီချင်းအမျိုးအစားက Rock တွေ Heavy Rock တွေပေါ့။
မေး ။ ။ ခု ထုတ်ထားတဲ့ ကျောက်သားခြေရာခွေ (၂ပုဒ်တည်း)မှာ ဒီနေ့ နဲ့ ရေလိုက်ငါးလိုက် ဆိုတဲ့ သီချင်း၂ ပုဒ်ကို နားထောင်ဖြစ်တယ်။ အလန်းစားဖြစ်တာ တွေ့ရတယ်။ ခွေချော ထုတ်တဲ့အခါ ပြန်ထည့်ဖို့ အစီအစဉ်ရှိမရှိ။
ဖြေ ။ ။ ခု single ထုတ်ထားတဲ့ ကျောက်သားခြေရာ(၂ပုဒ်)ကလည်း ခွေကြီးထွက်တဲ့အခါပြန်ပါမှာပါ။ ဒုတိယခွေကြီး မထွက်ခင် ဒီ ၂ ပုဒ်ကို ပရိတ်သတ်ကို ချပြတဲ့အနေနဲ့ အရင်ဆုံးထုတ်ထားလိုက်တာပေါ့။ ဒီ ၂ ပုဒ်ကလည်း ကျနော်ရေးထား တာပါ။
မေး ။ ။ ခု ဒုတိယခွေလုပ်နေစဉ်မှာ အခက်အခဲ၊ အမှတ်တရဖြစ်စရာများ တခုခုပြောချင်တာ။
ဖြေ ။ ။ အခက်အခဲတွေကတော့ ပထမခွေကတည်းက စခဲ့တာပေါ့ဗျာ။ ကျနော်တို့က မပြည့်မစုံနဲ့ လုပ်ခဲ့ရတဲ့အပိုင်းတွေ လည်းရှိခဲ့တယ်။ ပရိုဂျူဆာတွေ ဘာတွေနဲ့လုပ်တာမဟုတ်ဘူးဆိုတော့လေ။ ပထမခွေတုန်းကဆို ပိုပြီးတော့ ပင်ပန်းတယ်။ ဟိုပြေးဒီပြေးကြော်ငြာဘာညာလုပ်တာကအစ ကိုယ်တယောက်တည်းလုပ်ခဲ့ရတာဆိုတော့ စိတ်ပျက်ချင်စရာထိဖြစ်ခဲ့ရ တာတွေလည်း ရှိခဲ့တာပေါ့။ ဒုတိယခွေမှာတော့ ကျနော့်ကို ဝိုင်းကူလုပ်ပေးနေတဲ့ စီစဉ်သူလို့ပြောလို့ရတဲ့ ကိုလာရှူးဘန်းက သူ့ဆီကနေလည်း အကူအညီတွေ အများကြီးရခဲ့တယ်ပေါ့။ အခက်အခဲတွေရှိခဲ့ပေမယ့် ခုလိုကူညီတဲ့သူတွေရှိလာတဲ့အခါ ကျနော် ဒီလောက်ထိ ရောက်လာနိုင်ခဲ့တယ်ပေါ့။
မေး ။ ။ ပြည်တွင်း၊ ပြည်ပ အားကျခဲ့တဲ့ Rock band၊ အဆိုတော်၊ တေးရေးတွေ ပြောပြပေးပါဦး။
ဖြေ ။ ။ ပြည်ပက ၉၀ Rock တွေပေါ့။ ၁၉၉၀ တဝိုက်က Rock band တွေ တော်တော်များများ ကျနော်က ကြိုက်ခဲ့တာ၊ စွဲစွဲလန်းလန်းကို နားထောင်ခဲ့တာပေါ့။ သူတို့ကြည့်ပြီး အားကျဖြစ်ချင်ခဲ့တာလည်း ပါပါတယ်။ ကိုယ့်ရဲ့ တကယ့်ဟီးရိုး တွေပဲ။ ကြိုက်တဲ့ဟာတွေ ရွတ်ပြရရင် အများကြီးဖြစ်သွားမယ်။
အကြိုက်ဆုံးတွေ ရွေးပြောရရင် Guns n’ Roses၊ Metallica၊ Aerosmith နဲ့ Bonjovi တို့ကို စွဲစွဲလန်းလန်းနဲ့ နှစ်သက်ခဲ့ ဖူးပါတယ်။ ပြည်တွင်းမှာတော့ ကိုလေးဖြူနဲ့ IC ပေါ့။ သူတို့သီချင်းတွေလည်း ကြိုက်ပါတယ်။ နားလည်းနားထောင်ဖြစ်ပါ တယ်။ တေးရေးတွေက ဟိုအရင် ဦးစိုင်းခမ်းလိတ်တို့ကစ ခု ဒီဘက်ပိုင်းမှာလည်း ရေးအားကောင်းကောင်းနဲ့ ရေးနေတဲ့ တေးရေးတွေကိုလည်း ကြိုက်ပါတယ်။
မေး ။ ။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ ဂီတရေစီးကြောင်းကရော ဘာတွေဖြစ်လာမယ်ထင်လဲ။
ဖြေ ။ ။ ရေစီးကြောင်းဆိုတာတော့ ပြောင်းလဲနေမှာပဲလေ။ အခြားဂီတဆိုတာထက် ကျနော်က Rockကို ဦးတည် လုပ် ခဲ့တာဆိုတော့ Rock သီချင်းတွေ ဘယ်ခေတ်မှာမဆို ရှင်သန်နေဖို့ မျှော်လင့်ပါတယ်။ Rock ဂီတကိုလည်း အားပေးကြ ပါလို့ ပြောချင်ပါတယ်။
မေး ။ ။ Rock will Never die တဲ့။ လက်ခံလား။ ဘယ်လို ယုံကြည်ထားလဲ။
ဖြေ ။ ။ အဲ့ဒါ ကျနော် လက်ခံပါတယ်။ Rocker တွေ ယုံကြည်နေတဲ့ အဆိုတခုပဲလေ။ ဘယ်လိုပဲပြောပြော အားလုံးက တချိန်မှာ Rock မှာပဲဆုံကြမှာလေ။
မေး ။ ။ Rock သီချင်းတွေ စွဲစွဲမြဲမြဲချစ်တဲ့ ပရိသတ်ကို ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ Rock သီချင်းတွေ စွဲစွဲမြဲမြဲနားထောင်တဲ့ပရိတ်သတ်ကို ကျနော်လေးစားတယ်။ မြန်မာပြည်မှာလုပ်တဲ့ ကိုယ်ပိုင်သံစဉ် Rock တွေကိုလည်း အားပေးကြပါ။ ဒီမှာက Rock နားထောင်တဲ့သူက ကျနော့်အထင် နည်းနေတယ်။ နောက်မှာ ထွက်ဖို့ တာစူနေတဲ့ Rock သမားအသစ်တွေလည်း ရှိနေတယ်။ ဒုက္ခပေါင်းစုံနဲ့ကြိုးစားနေကြတဲ့သူတွေရှိတယ်။ အဲလူတွေကို အားပေးစေချင်တယ်။ အဓိကက နားထောင်ကြည့်ပါ။ တကယ်ကောင်းတယ်ဆိုရင် လက်ခံပါ။ အကဲဖြတ်ပြီး ကောင်းတယ်ဆိုရင် အားပေးပါလို့ ပြောချင်ပါတယ်။