Lifestyle

မကြာမီ မြင်တွေ့ရတော့မယ့် Rain ရဲ့ ရုပ်သံဇာတ်လမ်းနဲ့ အယ်လ်ဘမ်အသစ်

This article has been converted from Zawgyi One to Unicode

ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ “ချစ်စံအိမ်” (Full House) ဇာတ်ကားမှာ “လီယောင်ဂျေး”လို့ မြန်မာပရိတ်သတ်တွေ သိထားကြတဲ့ ကိုရီးယားထိပ်တန်း ပေါ့ပ်အဆိုတော်၊ သရုပ်ဆောင် Rain ဟာ ကိုရီးယား SBS ရုပ်သံဇာတ်လမ်းသစ် “Please Come Back, Uncle” လို့ ယာယီအမည်ပေးထားတဲ့ ရုပ်သံဇာတ်လမ်းကို ရိုက်ကူးနေပါတယ်။

ဒီရုပ်သံမှာ အဆိုတော် Rain ဟာ “လီဟေဂျွန်း”အဖြစ် သရုပ်ဆောင်ထားပြီး သူဟာ Enterprise လုပ်ငန်းစုကြီးတခုရဲ့ CEO အဖြစ်၊ အလုပ်ကို အလွန်အကျွံ လုပ်တတ်သူအဖြစ် သရုပ်ဆောင်ထားပါတယ်။ SBS ရုပ်သံမှ Rain သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ချက်တွေကို နမူနာအဖြစ် ပရိတ်သတ်တွေကို ချပြတဲ့အခါ Rain ရဲ့ သရုပ်ဆောင်ချက်တွေဟာ ပရိတ်သတ်တွေအတွက် ရယ်စရာပုံရိပ်တွေအဖြစ် တွေ့မြင်ခဲ့ရပါတယ်။

အဲ့ဒီပုံရိပ်တွေကတော့ အလုပ် အလွန်အကျွံလုပ်တတ်တဲ့ CEO “လီဟေဂျွန်း” တယောက် စိတ်ပင်ပန်းမှုကို ဖြေဖျောက်ဖို့အတွက် ဆိုဂျူဆိုင်မှာ စားသောက်နေတဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။ ဒီရိုက်ကွင်းအတွက် Rain ဟာ မနက်စောစောကတည်းက သရုပ်ဆောင်ပီပြင်စေဖို့ ရီဟာဇယ်ကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီရုပ်သံဇာတ်လမ်းမှာ Rain က ဟာသဇာတ်ရုပ်ကိုလည်း တဖက်က သရုပ်ဆောင်သလို တဖက်ကလည်း အလုပ်နဲ့ ပတ်သက်ရင် တင်းမာသူ၊ အပြစ်သေးသေးမွှားမွှားကအစ ခွင့်မလွှတ်တတ်သူအဖြစ် ဇာတ်ရုပ်နှစ်မျိုးနဲ့ သရုပ်ဆောင်ထားပါတယ်။ ရိုက်ကွင်းတွေအားလုံးကို ဖေဖော်ဝါရီလအတွင်း အဆုံးသတ်မှာဖြစ်ပြီး မကြာမီ ထုတ်လွှင့်ပြသနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အသက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ ပေါ့ပ်အဆိုတော်၊ သရုပ်ဆောင် Rain ဟာ စစ်မှုတာဝန်ထမ်းဆောင်မှုကို ၂၀၁၃ ခုနှစ်မှာ ပြီးဆုံးခဲ့ပြီး အနုပညာအလုပ်တွေကို ပြန်လည်လှုပ်ရှားတဲ့အခါမှာ အရင်ကလောက် အောင်မြင်မှု မရခဲ့တာတွေရှိပေမယ့် Rain က အရင်အတိုင်း တက်ကြွစွာနဲ့ အနုပညာအလုပ်တွေကို ဆက်လက် လုပ်မြဲအတိုင်း လုပ်ကိုင်နေပါတယ်။

သူက ၂၀၁၄ ခုနှစ်က “Rain Effect” ဆိုတဲ့ အယ်လ်ဘမ်ကို ထုတ်ဝေခဲ့ပြီး မကြာမီမှာလည်း အယ်လ်ဘမ် ထုတ်ဝေဖို့ရှိကာ ဒီတစ်ခါမှာတော့ ပိုမိုဆန်းသစ်တဲ့ ဂီတဖန်တီးမှုများကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ရုပ်သံရိုက်ကူးမှု ပြီးတဲ့အခါ ဂီတဘက်ကို ပိုမိုအားထုတ်သွားမယ်လို့ သိရပါတယ်။

Ref : www.kpopstarz.com

Loading