Selfie ရိုက်ခြင်းဟာ မတော်တဆသေဆုံးခြင်းနဲ့ ဘယ်လို ဆက်စပ်မှုရှိလည်းဆိုတာ ရှင်းလင်းစွာ သိရှိရခြင်း မရှိသေးသော်လည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပင် Selfie ရိုက်ခြင်းကြောင့် မတော်တဆ သေဆုံးရသော ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းပေါင်းများစွာ ရှိခဲ့ပါတယ်။
သင်ဟာ ငါးမန်းလိုရေသတ္တဝါမျိုးကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်ပေမယ့် နောက်ပိုင်းထွက်ရှိလာတဲ့
စာရင်းဇယားအချက်အလက်များအရ ငါးမန်းတိုက်ခိုက်လို့ သေဆုံးသူထက် Selfie ရိုက်လို့ သေဆုံးသူက ပိုမိုများပြားလာတယ်လို့ ဖော်ပြထားပါတယ်။ (၂၀၁၅) ခုနှစ် ယခုအချိန်အထိ Selfie ရိုက်ခြင်းကြောင့် မတော်တဆသေဆုံးရသူ (၁၂)ဦးရှိပြီး ငါးမန်းကိုက်လို့ သေဆုံးသူဟာ (၈)ဦးသာ ရှိပါသေးတယ်။ Selfie ရိုက်ခြင်းကြောင့် မတော်တဆသေဆုံးမှုများထဲက အများဆုံးဖြစ်ခဲ့တဲ့အကြောင်းအရင်းဟာ Selfie ရိုက်နေရင်း ပြုတ်ကျသေဆုံးရခြင်းကြောင့်ပါ။ နောက်ထပ်ဖြစ်ရပ်အကြောင်းအရင်းထဲက တခုကတော့ Selfie ရိုက်နေရင်း မောင်းနှင်လာတဲ့ယာဉ်များအတိုက်ခံရမှုကြောင့် ဖြစ်ပါတယ်။
ရုရှားနိုင်ငံမှာ Selfie ရိုက်နေရင်းမတော်တဆ သေဆုံးမှုဖြစ်ပွားနှုန်းပိုမိုများပြားလာတာမို့ ရုရှားအစိုးရအနေနဲ့ Selfie ရိုက်နေရင်းမတော်တဆသေဆုံးမှုတွေ မဖြစ်ပွားအောင် လိုက်နာရန်စည်းကမ်းများတောင် ထုတ်ပြန် ထားရပါတယ်။ အန္တရာယ်ရှိတဲ့ နေရာတွေ၊ မျက်နှာပြင်တွေမှာ Selfie မရိုက်ဖို့နဲ့ ကျည်ဆန်ထည့် မောင်းတင် ထားတဲ့ လက်နက်တွေနဲ့ Selfie မရိုက်ဖို့ စတဲ့အချက်အလက်တွေကို စည်းကမ်းချက်တွေအဖြစ် ထည့်သွင်း ထားရပါတယ်။
Yellowstone အမျိုးသားဥယျာဉ်မှာလည်း အလားတူ ပြသနာမျိုး ဖြစ်ခဲ့ဖူးပါတယ်။ ကျွဲရိုင်းတိရိစ္ဆာန် တစ်မျိုးဖြစ်တဲ့ ပြောင် နဲ့ Selfie ရိုက်ရာမှာ လူငါးဦးလောက် အခွေ့ခံရပြီးနောက်ပိုင်းမှာ အဲဒီသတ္တဝါနဲ့ Selfie မရိုက်ဖို့ တားမြစ်ချက် ထုတ်ပြန်ခဲ့ရပါတယ်။ အမျိုးသားတစ်ဦးဟာ ခလောက်မြွေတစ်ကောင်နဲ့ တွဲဖက်ပြီး Selfie ရိုက်ခဲ့လို့ ၎င်းရဲ့လက်တစ်ဖက် ပျက်စီးဆုံးရှုံးသွားမလို ဖြစ်ခဲ့ဖူးသလို ကျည်ဆန်ထည့်မောင်းတင်ထားတဲ့ သေနတ်နဲ့ Selfie ရိုက်ခဲ့လို့လည်း မတော်တဆ ကျည်ဆန်မှန်ပြီး သေဆုံးခဲ့တဲ့သူလည်း ရှိခဲ့ဖူးပါတယ်။ အကြောင်းအရာတွေဟာ Selfie ရိုက်ခြင်းကြောင့် မတော်တဆဖြစ်မှုတွေရဲ့သာဓကများပဲ ဖြစ်ပါတယ်။ ဝီကီပီးဒီးယား ဝက်ဒ်ဆိုက်မှာတော့ Selfie ရိုက်ခြင်းကြောင့် ဖြစ်ခဲ့ရတဲ့ မတော်တဆ သေဆုံးမှုနဲ့ ထိခိုက်မှုများစာရင်းကို အသေးစိတ်သိရှိနိုင်ပါတယ်။ (၂၀၁၄)မှ စတင်မှတ်တမ်းတင်ခဲ့တဲ့ စစ်တမ်းများအရ Selfie ရိုက်ခြင်းကြောင့်ဖြစ်ပွားခဲ့ရတဲ့ မတော်တဆမှုပေါင်း (၁၉)မျိုးအထိရှိပါတယ်။
(၁၈)နှစ်နဲ့ (၂၂)ကြားအသက်အရွယ်တွေမှာ Selfie ရိုက်ခြင်းကြောင့်ဖြစ်ပွားခဲ့တဲ့မတော်တဆမှုများကို အများဆုံးတွေ့ရှိရပြီး Selfie ရိုက်နေရင်း ဓါတ်လိုက်သေဆုံးရခြင်းမှသည် အသေးစား လေယာဉ်ကို မောင်းနှင်ရင်း Selfie ရိုက်မှုကြောင့် မောင်းသူရော လိုက်ပါစီးနင်းသူပါ သေဆုံးရသည်အထိ မတော်တဆမှု များစွာ ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါ့အပြင် Selfie ရိုက်နေရင်း မကြာခဏ ဖြစ်ပွားတတ်တဲ့ မတော်တဆမှုကတော့ မောင်းတင်ထားတဲ့သေနတ်နဲ့ Selfie ရိုက်ရင်း ကျည်ဆန်ထိမှန် သေဆုံးရတဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။
Ref: telegraph.com