အိမ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်ကနေ Winner တဦးဖြစ်ခဲ့ပြီး ပရိတ်သတ်အားပေးမှုအများအပြားရရှိထားတဲ့ တေးသံရှင်အောင်ထက်က အခုဆိုရင် ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်စွာလျှောက်လှမ်းနေပြီဖြစ်ပါတယ်။
မကြာခင်က ထွက်ရှိထားတဲ့ အိမ်မက်ဆုံရာမှာ အောင်ထက်ယှဉ်ပြိုင်ခဲ့တဲ့ သီချင်းတွေပါဝင်သော “အောင်ထက်နဲ့ ပြိုင်ပွဲဝင်သီချင်းများ” Music Documentry အခွေကလည်း ပရိတ်သတ်အားပေးမှုအများအပြား ရရှိထားတဲ့ အခွေ တခွေဖြစ်နေပါတယ်။ အောင်ထက်က တကိုယ်တော်ခွေကိုလည်း လာမယ့် မတ်လအတွင်းမှာ ထွက်ရှိနိုင်အောင် ကြိုးစားနေပြီး တကိုယ်တော်ခွေကို ခေါင်းစဉ်တော့ မပေးရသေးကြောင်းသိရပါတယ်။
အဲ့ဒီ တကိုယ်တော်ခွေမှာ သီချင်းစုစုပေါင်း ၁၁ ပုဒ် ထည့်သွင်းထားပြီး ကိုယ်ပိုင်သံစဉ်များသာ ဖြစ်ပါတယ်။ တေးရေးအနေနဲ့ စောခူဆဲလ် နဲ့ အောင်ထက် တို့နှစ်ယောက် ရေးသားထားတဲ့သီချင်းများပါဝင်ပါတယ်။
အဆိုပါ အခွေနဲ့ပတ်သက်လို့ အောင်ထက်က “အခွေက ရှေ့လလောက်ထွက်ပါမယ်။ အခွေမှာ ကျနော်တယောက်ထဲ ဆိုထားတာပါ။ ဂီတအမျိုးအစားအစုံ ထည့်ထားပါတယ်။ Pop Rock အစုံထည့်ထားတယ်။ လက်ရှိ ဂီတနဲ့ပတ်သက်လို့ လာမယ့် ၂ ရက်နေ့မှာ City FM က သီချင်းခွေထွက်ဖို့ရှိမယ်။ ပြီးတော့ ကျနော်တို့လိုကြိုးစားနေတဲ့လူငယ်တွေနဲ့ လက်တွဲပြီး အတွဲခွေတွေ လက်တွဲလုပ်နေတာတွေလည်းရှိတယ်။ သူငယ်ချင်းတွေနဲ့ စုပြီးလုပ်ထားတဲ့ အတွဲခွေတွေလည်းထွက်ဖို့ရှိပါတယ်။ လက်ရှိမှာတော့ ပရိတ်သတ်အတွက်ရော ကျနော်အတွက်ရော ကျနော်ကြိုးစားနေတယ်လို့ပဲ ပြောပါရစေ”လို့ လက်ရှိ ဂီတနဲ့ပတ်သက်ပြီး ဧရာဝတီကို ပြောပြပါတယ်။
တလောက အချစ်ရေးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ ဓာတ်ပုံတက်လာတာနဲ့ ပတ်သက်ပြီးတော့လည်း အောင်ထက်က ဓာတ်ပုံထဲကသူနဲ့ အချစ်ရေးမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။
လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီးမေးမြန်းတဲ့အပေါ်ကိုတော့ “လက်ရှိမှာရည်းစားရှိလားဆိုရင် မရှိဘူးဘဲ ပြောရမှာပေါ့။ ဒါပေမယ့် ကျနော်ကိုချစ်တဲ့ခင်တဲ့သူတွေအများကြီးရှိသလို ကျနော်က ချစ်တဲ့ခင်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ရည်ရွယ်ပြီးတော့ ချစ်ရတဲ့သူတော့ မရှိသေးပါဘူး” လို့ ပြောပြပါတယ်။