Event

ဒီတပတ်အတွက် ကြည့်စရာ

This article has been converted from Zawgyi One to Unicode

ဒီတပတ်မှာ ရုံတင်လာတဲ့ ရုပ်ရှင်ကားကြီးကိုပြောရမယ်ဆိုရင် ဒါရိုက်တာ ခင်စောမျိုး ရိုက်ကူးထားသော ရပ်ကွက်ထဲက ဒိတ်ဒိတ်ကြဲဘုရင်မတွေအကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ “ရပ်ကွက်ဘုရင်မ” ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီ ၂၆ ရက်မှာ စတင်ပြီး ရုံတင်နေပြီဖြစ်ပါတယ်။

ရပ်ကွက်ဘုရင်မ

ဒီ ဇာတ်ကားကတော့ လက်ရှိမှာ ဒိတ်ဒိတ်ကြဲ မင်းသမီးကြီး ငါးဦး စုစည်းပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။ သဘာဝကျကျနဲ့ ဟာသတွေလုပ်ရင် ပရိတ်သတ်အကြိုက်တွေ့နေကြတဲ့ မင်းသမီးငါးလက် ပေါင်းစည်းပါဝင်ထားသော ရပ်ကွက်ဘုရင်မဆိုတဲ့ ဇာတ်လမ်းရဲ့အနေအထားကတော့ သူတို့ငါးဦးဟာ ရပ်ကွက်တွင်းက ဘယ်သူကိုမှ ဗိုလ်မထားတဲ့ ရပ်ကွက်ဘုရင်မတွေအဖြစ် ပါဝင်ထားကြတာဖြစ်ပြီး စွာကျယ်မအဖြစ် မို့မို့မြင့်အောင်၊ ချုဆီမအဖြစ် စိုးမြတ်သူဇာ၊ ဘူဇွာမအဖြစ် မေခလာ၊ စပ်စုမအဖြစ် ခိုင်သင်းကြည် နဲ့ ဂဏန်းမအဖြစ် မေသန်းနုတို့က ပါဝင်ထားကြပါတယ်။ ရပ်ကွက်ထဲက အများက အော့ကြောလန်အဖြစ်သတ်မှတ်ခံထားရတဲ့ သူတို့ငါးယောက်က ရပ်ကွက်ထဲမှာ နာမည်နဲ့လိုက်အောင် ဘယ်လိုအမွှေအနှောက်တွေနဲ့ ကြည့်ရှူ့ကြရမလဲ၊ ပရိတ်သတ်တွေကို ဘယ်လို ဝါးလုံးကွဲ ရယ်မော စေရမလဲဆိုတာ ပရိတ်သတ်တွေကပဲ ကြည့်ရှုပြီး အကဲဖြတ်ပေးပါတော့နော်။

ဒီ ဇာတ်ကားကြီးကို ရိုက်ကူးတဲ့ ဒါရိုက်တာကတော့ ခင်စောမျိုးဖြစ်ပြီး လပ်ကီးဆဲဗင်းရုပ်ရှင်၊ ဗီဒီယိုထုတ်လုပ်ရေးက ရိုက်ကူးတင်ဆက်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က စတင်ပြီး ရန်ကုန်တွင် ရှေ့ဆောင်၊ သွင်၊ စံပြ၊ Junction Maw Tin ၊ Junction Square ၊ နဝဒေး၊ ရွှေဗဟို၊ မြရတနာ၊ ဝဇီရာ တို့မှာ ရုံတင်ပြသနေပြီး မန္တလေး၊ ဘားအံ၊ ပြင်ဦးလွင်၊ လားရှိုး၊ တောင်ကြီး၊ ပြည်၊ ပုသိမ်၊ ထားဝယ် စတဲ့ မြို့ကြီးများမှာပါ တပြိုက်နက်တည်း ရုံတင်ပြသပေးနေတာ ဖြစ်ပါတယ်။

မို့မို့မြင့်အောင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ မေခလာ၊ ခိုင်သင်းကြည်တို့ ငါးဦးက ရပ်ကွက်ဘုရင်မ ငါးယောက်အဖြစ်ပါဝင်ထားကြပြီး အထူးသရုပ်ဆောင် ရဲအောင်၊ ကျော်ရဲအောင်၊ မင်းဦး၊ ဖြိုးငွေစိုး၊ မိုးအောင်ရင် ၊ ဘေဘီမောင်နဲ့ တခြားသရုပ်ဆောင်ပေါင်းများစွာတို့လည်း ပါဝင်ကြပါတယ်။

Loading