Acer ကွန်ပျူတာ ကုမ္ပဏီလီမိတက်မှ ဂိမ်းကစားခြင်းနဲ့ အီလက်ထရောနစ် အားကစား (E-Sport) ကို စိတ်ဝင်စားတဲ့ လူငယ်လူရွယ်များအတွက် ရည်ရွယ်ပြီး အရည်အသွေးမြင့် HD ဂိမ်းများ ဆော့ကစားနိုင်သည့် Predator Series ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကန်ရိပ်သာလမ်းမှာရှိတဲ့ Escape Gastro Bar မှာ မိတ်ဆက်ပြသခဲ့ပါတယ်။
Predator Series မှာ Tablet, Notebook, Monitor, Projector စတဲ့ IT Gadget အသုံးအဆောင် ပစ္စည်းတွေ ပါဝင်ပြီး Acer အနေနဲ့ ၂၀၁၆ ခုနှစ်ရဲ့ E-Sport ကစားပွဲစဉ်များအတွက် သူတို့ရဲ့ ကစားသမားများနဲ့ အားကစားဝတ်စုံတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
“ကွန်ပျူတာနဲ့ ဂိမ်းကစားခြင်းဟာ အီလက်ထရောနစ် အားကစားနည်း (E-Sport) ကို မွေးဖွားပေး နေတာ ဖြစ်ပြီး ကွန်ပျူတာဂိမ်းကစားသမားတွေ အတွက်လည်း ကစားပွဲစဉ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင် ကစားခြင်းကနေတဆင့် ဝင်ငွေတွေရရှိနိုင်တဲ့အထိ E-Sport ရဲ့ အခန်းကဏ္ဍဟာ တိုးတက်လာပါပြီ” လို့ Acer ကွန်ပျူတာ ကုမ္ပဏီလီမိတက်ရဲ့ အင်ဒိုချိုင်းနားဒေသဆိုင်ရာ ရုံးခွဲ မန်နေဂျင်း ဒါရိုက်တာ Mr.Alan Chaing က ပြောပါတယ်။
ဈေးနှုန်းတွေ အနေနဲ့ Tablet (Predator 8-GT-810) ကို USD 350၊ Notebook (Predator G9-791) ကို USD 2350 ၊ Monitor (Predator X34) ကို USD 1200 နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
Acer ကုန်ပစ္စည်းအသစ် မိတ်ဆက်ပွဲမှာ ပြသထားတဲ့ Predator Series မှာ ပါဝင်တဲ့ ပစ္စည်း အားလုံးဟာ Intel ရဲ့ နောက်ဆုံးပေါ် Processor တွေကို အသုံးပြု ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အရည်အသွေးမြင့် နောက်ဆုံးပေါ် Processor တွေဟာ အကောင်းဆုံး လုပ်ဆောင်ချက်များ၊ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ပုံရိပ်တွေကို ပေးစွမ်းနိုင်ပြီး စွမ်းအင်အသုံးချမှုကို အနည်းဆုံးဖြစ်စေတဲ့ အကောင်းဆုံး Processor တွေ ဖြစ်တယ်လို့ Mr.Alan Chaing က ဆိုပါတယ်။
Acer ကုမ္ပဏီဟာ Software နဲ့ Hardware ဝန်ဆောင်မှုပေးလျက်ရှိပြီး ကုမ္ပဏီကို ၁၉၇၆ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ခြင်းဖြစ်ကာ Acer မှ PC ကွန်ပျူတာများ၊ Display များ၊ Projector များ၊ Server များ၊ Tablet များနဲ့ Smart Phone များ စတဲ့ IT Gadget ပစ္စည်းများစွာကို ထုတ်လုပ်ရောင်းချ ပေးလျက် ရှိပါတယ်။