ကလောင်အမည် “ကိတ်မုန့်” ရဲ့ အမည်ရင်းက ဇော်ဝင်းထွန်းပါ။ “ကိတ်မုန့်” ဆိုတဲ့ ကလောင်နာမည် ပေးဖြစ်ခဲ့တာက “ကိတ်မုန့်” ဆိုတာ ဂျုံခင်းထဲကနေ အဆင့်ဆင့် ဖြတ်ကျော်ပြီးမှ လူတွေအတွက် အသင့်စား ဖြစ်လာတယ်လေ။ ဒါက ဆရာနေမျိုးရဲ့ ကဗျာကနေ ဆင့်ပွား ခံစားမိပြီး ဒီနာမည်ကို ပေးဖြစ်ခဲ့တာပါ။ ၂၀၀၈ ခုနှစ်မှာ ဆေးပညာဘွဲ့M.B.B.S ဘွဲ့ရခဲ့ပြီး နိုင်ငံ့ဝန်ထမ်း၊ ဆရာဝန်တယောက် အဖြစ် အလုပ် လုပ်ကိုင်ခဲ့ပါတယ်။ မန္တလေး ဇာတိသားဖြစ်ပြီး အခုလက်ရှိ ဆေးကုမ္ပဏီတခုမှာ အလုပ်လုပ်နေပါတယ်။
လောလောဆယ်မှာတေ့ ပြင်ဦးလွင်မှာ နေထိုင်ပါတယ်။ လတ်တလော မကြာသေးခင်က ပထမဆုံး လုံးချင်းဝတ္ထု ” ကျွန်မနာမည် ခင်မေသိန်း” ထွက်ရှိထားပါတယ်။ ဝတ္ထု အကြောင်းအရာကတော့ အဓိကဇာတ်ကောင် “ခင်မောင်သိန်း” ရဲ့ ကပြက်ကချော် အကြောင်းရာတွေကနေ “ခင်မေသိန်း” ဆိုပြီး ဖြစ်လာဖို့ အခက်အခဲတွေနဲ့ ဘယ်လိုဖြစ်သန်းရသလဲ ဆိုတာကို ရေးဖွဲ့ထားတဲ့ “မိန်းမလျာ (Gay) တယောက်ရဲ့ ဘဝဖြတ်သန်းပုံ” အကြောင်းကို ရေးထားတာပါ။
ယောကျာ်ကောင်း တယာက်ဖြစ်ဖို့ ခက်ခဲသလို မိန်းမလျာ တယောက်အဖြစ် ရပ်တည်ဖို့ ဘယ်လောက် ခက်ခဲတယ် ဆိုတာရယ်၊ LGBT (Lesbian, Gay, Bisexual, Transgender) တွေကို ခွဲခြားဆက်ဆံ ခံရတယ် ဆိုတာတွေရယ်၊ ဖေးမနားလည်ပေးဖို့ လိုအပ်မှုတွေရယ် စသဖြင့် ရေးသား ဖော်ပြထားတာပါ။ ဝတ္ထုထဲက ဇာတ်ကောင် “ခင်မေသိန်း” က အပြင်မှာ တကယ်ရှိလားဆိုရင် သူ့ကို ညပွဲဈေးခင်း တခုမှာ ဆုံဖူးတာလို့ ကိတ်မုန့်က ဆိုပါတယ်။ နာမည်ကြောင့် စိတ်ဝင်စားမိရာကစပြီး စာရေးသူ ကိတ်မုန့်ရဲ့ ပတ်ဝန်းကျင်က သဘောကျမိတဲ့ မိန်းမလျာတွေရယ်၊ နိုင်ငံကျော် မိတ်ကပ်ပညာရှင်တွေရဲ့ ဘဝတွေရယ်ကို ပေါင်းစပ်ပြီး ဖန်တီးထားတာပါ။
ဒီလိုဇာတ်အိမ်ကို ဘာလို့ ဖန်တီးလဲဆိုရင် သဘာဝနဲ့ ဆန်းသစ်မှုကြားကို ဖော်ပြချင်လို့ပါ။ အဲ့ဒီ အချိန်တုန်းက ခင်မေသိန်းရဲ့ နာမည် လွှမ်းမိုးမှုကြောင့်လည်း ပါပါတယ်။ နောက်ပြီး အများစုက မိန်းမလျာ၊ယောင်္ကျားလျာ တွေကို ပြက်ရယ်ပြု ဖန်တီးမှုမှာပဲရှိလို့ပါပဲ။ “ကျွန်မနာမည် ခင်မေသိန်း” ဝတ္ထုထဲမှာ ပါတဲ့ အခန်းတွေက ဘာလို့ အသက်ဝင်လဲဆိုရင် သဘာဝကိုပဲ အခြေခံရေးဖွဲ့ထားလို့ပဲ ဖြစ်ပါလိမ့်မယ်။ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့စည်းတိုင်းမှာ LGBT တွေရှိနေပါတယ်။ LGBT ဆိုတာ ကြီးမားတဲ့ လူ့အရင်းအမြစ် အင်အားပျံ့နှံ့မှုပါ။
ဒီဝတ္ထုကို ကိတ်မုန့်က ၂၀၁၃ လောက်က အွန်လိုင်းပေါ် ရေးခဲ့ရာ ကနေ LGBT အသိုင်းအဝိုင်း တွေကြား ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီနောက် “Rainbow” မဂ္ဂဇင်းမှာပါ ဖော်ပြခံတဲ့အတွက် LGBT ချစ်သူတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ကိတ်မုန့်က ဆယ်တန်းစာမေးပွဲ ပြီးကတည်းက စာတွေ စရေးခဲ့တာပါ။ ဒါပေမယ့် မိဘက သဘောမကျလို့ရော၊ ကျောင်းစာရောကြောင့် ၂၀၁၃ လောက်မှ ပြန်ပြီး ရေးဖြစ်ခဲ့တယ်။ နောက်ပိုင်း စာပြန်မရေးဖြစ်တော့ပြန်ဘူး။ စာရေးရတာလည်း အတော်လေး အချိန်ပေးရပြီး၊ ခက်ခဲတာလေးတွေလည်း ရှိလို့ပါလို့ ကိတ်မုန့်က ဆိုပါတယ်။။ ဒါပေမယ့် မဂ္ဂဇင်းမှာ ပါနေခဲ့တဲ့ “ကျွန်မနာမည် ခင်မေသိန်း” ဝတ္ထုကို အားပေးနေကြတဲ့ ပရိတ်သတ်အင်အားက ကိတ်မုန့်ကို စာရေးဖို့ တွန်းအား ပေးနိုင်ခဲ့တယ်။
ကိတ်မုန့်ရဲ့ ငယ်ဘဝ စိတ်ကူးအိမ်မက်က စာရေးဆရာ ဖြစ်ချင်တာရယ်၊ ပြီးတော့ ကမ္ဘာပတ်ပြီး သွားရတဲ့ ခရီးသွားဝန်ဆောင်မှု အလုပ်မျိုးရယ် လုပ်ချင်ခဲ့တာပါ။ ငယ်ငယ်က ဖြစ်ချင်ခဲ့တာနဲ့ အခုလက်ရှိ ဖြစ်နေတာ တထပ်တည်း မကျပေမယ့် ဘာပဲလုပ်လုပ် ကြိုးစားလုပ်နေပါတယ်။ ကိတ်မုန့်ရဲ့ တခြားဝါသနာ ပါတာက ငယ်ငယ်တုန်းက ပန်းချီဆွဲတယ်။ Fitness Model တွေကို အားကျတယ်။ ငယ်ငယ်က အင်ဂျင်နီယာတယောက်လည်း ဖြစ်ချင်ခဲ့တယ်။ လက်ရှိ လုပ်ကိုင်နေတဲ့ ဆရာဝန်အလုပ်ကိုလည်း ကျေနပ်လက်ခံပါတယ်လို့ ကိတ်မုန့်က ဆိုပါတယ်။
ကျနော့်ရဲ့ နေ့စဉ် လူနေမှု ဘဝပုံစံကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ အလုပ်သွားတယ်၊ စာရေးတယ်၊ စာဖတ်တယ်။ တပတ်ကို ဇာတ်ကားတကား အနည်းဆုံး ကြည့်ဖြစ်အောင် ကြည့်တယ်။ အားကစားခန်းမ သွားတယ်။ MUFL (နိုင်ငံခြား ဘာသာ တက္ကသိုလ် – မန္တလေး) မှာ နိုင်ငံခြားဘာသာစကား Diploma တန်း တခု တက်နေပါတယ်။ ရည်မှန်းချက်အနေနဲ့က စာရေးဆရာအစစ် ဖြစ်ချင်သေးတယ်။ ဆေးပညာနဲ့ ပတ်သက်ပြီး ဘွဲ့တခုခု ထပ်ယူချင်သေးတယ်။
ကျနော် ရေးလက်စ နောက်ထပ်ထွက်ဖို့ ဝတ္ထုတွေ ရှိပါတယ်။ အရင်စာအုပ်က ပထမဆုံး ထွက်တဲ့ စာအုပ်ဆိုတော့ နည်းနည်း စိတ်တိုင်း မကျတာလေးတွေ ရှိတော့ ဒီတခါ အချိန်ယူ နေပါတယ်။ နောက်ထပ် ထွက်မယ့် ဝတ္ထုနာမည်ကို “သူမချစ်သော စစ်သားများ” လို့ နာမည် ပေးထားပါတယ်။ နောက်ထပ် ရေးမယ့် ဝတ္ထုဇာတ်လမ်းပုံစံတွေက ဘဝနဲ့ အချစ်ကြားမှာပဲ ရှိမှာပါ။ LGBT တွေအပေါ် လူမှု ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ခွဲခြားဆက်ဆံမှုတွေက ရှိနေဆဲပါ။
ငယ်ငယ် ကျောင်းသားဘဝထဲက ခွဲခြားဆက်ဆံမှုတွေက ယနေ့ အဲဒီကလေးတွေ လူကြီးဖြစ်လာပေမယ့် LGBT တွေအပေါ် သဘောထားက အများစု ပြောင်းလဲမသွားကြပါဘူး။ ဘယ်သူကမှလည်း သူတို့ကို အမှားအမှန်ဆိုတာ မထောက်ပြကြပြန်ဘူး။ ဒါပေမယ့် အဲ့ဒီ LGBT မုန်းတီးရေးသမားတွေပဲ ကွယ်ရာမှာ LGBT တွေနဲ့ ငြိတွယ်တတ်ကြတာ၊ အချိန်အတိုင်းအတာ တခုထိ Partnership တွေ ဖြစ်တတ်ကြတာတွေ ရှိတတ်ပါတယ်။ နောက်တခုက အလုပ်အကိုင် ခန့်ထားမှုတွေမှာလည်း လုပ်နိုင်လျက်နဲ့ ခွဲခြားခံရတတ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း အရမ်းနည်းပါးပါတယ်။ ပိုက်ဆံပေးပြီး တက်ရတဲ့ သင်တန်းမျိုးမှာတောင် ခွဲခြားဆက်ဆံခံနေရမှုတွေ မြန်မာပြည်မှာ အများကြီးရှိနေဆဲပါ။
ကိတ်မုန့်ရဲ့ ဝတ္ထု “ကျွန်မနာမည် ခင်မေသိန်း” ကို LGBT ချစ်သူတွေ မဟုတ်တဲ့သူတွေ ဖတ်မယ်ဆိုလည်း LGBT တွေအပေါ် နားလည် လက်ခံလာမယ်လို့ ကိတ်မုန့်က မျှော်လင့်ပါတယ်။ အဲဒီလို တုန့်ပြန်မှုတွေလည်း ပြန်ကြားနေရပါတယ်။ တချို့က ဒီလို Gay အကြောင်းတွေ စာပေ၊ ရုပ်ရှင်တွေမှာ ဖော်ပြလာလို့ လူငယ်တွေ အတုယူမှားမယ်လို့ ဆိုကြတာကတော့ တဦးတယောက်ချင်းစီနဲ့ ဆိုင်ပါတယ်။
မကြိုက်တဲ့မုန့်ကို ဇွတ်ကျွေးလို့ စားရင်တောင် ဘယ်နှစ်ခါ စားမှာမို့လဲ။ မကြည့်ချင်တဲ့ ဇာတ်ကားကိုရော ဘယ်လောက်ကြာကြာ ထိုင်ကြည့်မှာလဲ။ သူကြိုက်ရင် ဆက်ကြည့်မယ်၊ ဆက်ဖတ်မယ်ပေါ့။ အဲဒီမှာ မလှတဲ့ Message ဆိုရင်တောင် ဒါ မကောင်းတဲ့အရာ၊ ဒါကောင်းတဲ့ အရာဆိုတာ ခွဲခြားတတ်တဲ့ အလေ့အကျင့် ရဖို့အတွက် ရုပ်ရှင်နဲ့ စာပေမျိုးစုံက လိုအပ်ပါတယ်လို့ ကိတ်မုန့်က မြင်ပါတယ်။ နောက်ပြီး LGBT တွေ အပေါ် ဟာသသက်သက် ဇာတ်အိမ်တွေကိုလည်း လူတွေက စိတ်ကုန်နေကြပါပြီ။ “ကျွန်မနာမည် ခင်မေသိန်း” ဝတ္ထုမှာ ကိတ်မုန့် အဓိကပေးချင်တဲ့ Message က ဘာလဲဆိုတာထက် ပရိသတ်က ဒါဖတ်ပြီး ဘာရမလဲကပဲ အခုချိန်မှာ အရေးကြီးပါတယ်။ ဒါကြောင့် သူ့ဝတ္ထုကို ဖတ်ကြည့်ပါဦးလို့ ကိတ်မုန့်က ညွှန်းပါတယ်။
လူငယ်တွေအပေါ် ဘာပြောချင်လဲဆိုရင် ကိုယ်ဝါသနာပါရာကို သေချာလေးသိပြီး ပုံဖော်တတ်ဖို့နဲ့ ပုံဖော်ခွင့်ရအောင် ကြိုးစားဖို့ ကိတ်မုန့်က ဆိုပါတယ်။ လူငယ်တွေကို ကြိုးစားမှုနဲ့အတူ အသိဉာဏ်ကို ယှဉ်တွဲသုံးစေချင်ပါတယ်။ Time Management နဲ့ Lifestyle Changes တွေ၊ Turning Point တွေကို လှလှပပဖြစ်စေချင်တယ်။ နောက်ဆုံး ကိတ်မုန့်အနေနဲ့ ပြောတာက “ကျွန်မနာမည် ခင်မေသိန်း ” ဝတ္ထုမှာ လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ နောက်နောင် ပိုကြိုးစားသွားပါမယ်တဲ့။ အားပေးကြတဲ့ LGBT ချစ်သူတွေကော၊ စာပေချစ်သူမိတ်ဆွေ အပေါင်း အားလုံးကို ကျေးဇူးအထူးတင်ကြောင်းလည်း ဆိုပါတယ်။