Lifestyle

Yangon Waterboom ရေကမ္ဘာဥယျာဉ်ကို မတ်လ ၂၆ ရက်အထိ ဝင်ကြေးလျှော့ချ

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့မှာ တည်ဆောက်ပြီးစီးသွားတဲ့ ရေကမ္ဘာဥယျာဉ် Waterboom ကို အများပြည်သူ ဆော့ကစားနိုင်ဖို့ မတ်လ ၂ ရက်နေ့မှာ ဖွင့်လှစ်ပေးသွားတော့မှာ ဖြစ်ပါတယ်။ ယခုဖွင့်လှစ်ပေးမယ့် Waterboom က ရန်ကုန်မြို့မှာ ပထမဆုံးနဲ့ အကြီးဆုံး ရေကစားကွင်းဖြစ်ပြီး နေရာကတော့ ယခင် သာကေတ ရှူခင်းသာကစားကွင်း နေရာမှာ ပြန်လည် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Yangon Waterboom ကို နိုင်ငံတကာအဆင့်မီ ဖြစ်စေရန် UMG Group of Companies က ပြည်တွင်းပြည်ပမှာရှိတဲ့ အတတ်ပညာရှင်များနဲ့ ပူးပေါင်းကာ ၂၀၁၃ ခုနှစ်က စတင်ပြီး တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မြေဧက ၁၈ ဧကကျယ်ဝန်းတဲ့ Yangon Waterboom မှာ Outbond Area ၊ Futsal ကစားကွင်း၊ နိုင်ငံတကာ အဆင့်မီ စားသောက်ဆိုင်၊ Beaury Salon နဲ့ အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တို့ ပါဝင်ပါတယ်။ Waterboom မှာ နိုင်ငံတကာ အဆင့်မီ ရေကစားနည်း ၂၀ ကျော်ရှိပြီး ဝင်ကြေးနှုန်းကိုတော့ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ရုံးဖွင့်ရက်များမှာ လူကြီးတဦးကို ၁၆၀၀၀ ကျပ်၊ ကလေး (အရပ် ၄ ပေအောက်) ကို ၁၂၀၀၀ ကျပ် သတ်မှတ်ထားပြီး ရုံးပိတ်ရက်များနဲ့ အများပြည်သူ ရုံးပိတ်ရက်များမှာတော့ လူကြီး ၂၀၀၀၀ ကျပ်နဲ့ ကလေး (အရပ် ၄ ပေအောက်) ကို ကျပ်၁၆၀၀၀ သတ်မှတ်ထားပါတယ်။

မတ်လ ၂၆ ရက် နောက်ပိုင်းမှာတော့ လူကြီးတဦး ၂၅၀၀၀ ကျပ်၊ ကလေး (အရပ် ၄ ပေအောက်) ကိုတော့ ကျပ် ၂၀၀၀၀ နှုန်း ကျသင့်မှာ  ဖြစ်ပါတယ်။  အထူးအနေနဲ့ အသက် ၇၀ ကျော်နဲ့အထက် မြန်မာနိုင်ငံသားများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးမိခင် အားလုံးကို ပုံမှန်ဝင်ကြေးပေါ်ရဲ့  ၅၀ ရာခိုင်နှုန်း လျှော့ချပေးသွားမယ်လို့ ဆိုပါတယ်။

ဝင်ကြေးပေးပြီးလျှင် ဖွင့်ချိန် နံနက် ၉ နာရီကနေ ည ၈ နာရီအထိ ဆော့ကစားနိုင်ပြီး ကျပ် ၁၆၀၀၀ အတွင်းမှာ အစားအသောက်နဲ့ နားနေဆောင် ဘန်ဂလို ငှားရမ်းခြင်းတို့အပြင် ဖူဆယ်ကစားကွင်း၊ ပြင်ပကွင်း၊ အမြင့်ခုန် ကစားကွင်း၊ ကလေးကစားကွင်းမှာ ကစားခြင်းနဲ့ မျက်နှာသုတ်ပုဝါ၊ Locker ငှားရမ်းခြင်းများ မပါဝင်ပါဘူး။ အဲဒီအတွက် သီးသန့် ငွေပေးချေပေးရမယ်လို့ သိရပါတယ်။

Waterboom ဝင်ခွင့်ဈေးနှုန်းနဲ့ ပတ်သက်ပြီး အများပြည်သူကြားမှာ ဝေဖန်မှုတွေ ရှိနေပေမယ့် Yangon Waterboom ရဲ့ General Manager ဖြစ်တဲ့ Josephine Santi က “ဧည့်သည်တိုင်းရဲ့ ပျော်ရွှင်မှုက Waterboom ရဲ့ ရည်ရွယ်ချက် ဖြစ်ပြီး အန္တရာယ် ကင်းရှင်းဖို့ကလည်း ပထမဦးစားပေး အရေးကြီးဖြစ်တဲ့အတွက် Slide တွေ၊ Facility တွေအားလုံးကို နိုင်ငံတကာ အဆင့်အတန်းအတိုင်း PRE Dry ၊ Wet Test နဲ့ Regular Maintenance တွေကိုပါ သေချာပြုလုပ်ထားပါတယ်။ အားလုံးသော Lifeguard တွေက မြန်မာနိုင်ငံကြက်ခြေနီ အသင်းရဲ့ သင်တန်း ဆင်းထားပြီး အနာတရဖြစ်မှုတွေ၊ Water rescue နဲ့ CPR စတဲ့ အရေးပေါ် အခြေအနေတွေကို သေချာကိုင်တွယ် ဖြေရှင်းပေးနိုင်ကြမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

Yangon Waterboom ကစားကွင်းကို မတ်လ ၂ ရက်နေ့က စတင်ပြီး နေ့စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။

Loading