Trend

ရှေးဟောင်းအငွေ့အသက်တွေကို လက်ဆောင်ပစ္စည်းအဖြစ်ဖန်တီးထားတဲ့ Yangoods

This article has been converted from Zawgyi One to Unicode

“Yangoods” ဆိုင်အတွင်း ဝင်လိုက်တာနဲ့ တပြိုင်နက် ရှေးဟောင်းလက်ရာအပြင်အဆင်များစွာနဲ့ ဖန်တီးထားတဲ့ လက်ပွေ့အိတ်များ၊ ပိုက်ဆံအိတ်များ၊ အိမ်အလှဆင်ပစ္စည်းများ၊ ရုပ်ပုံကားချပ်များစတဲ့ပစ္စည်းမျိုးစုံကိုတွေ့ရပါတယ်။

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ရှမ်းကုန်းလမ်း အမှတ် ၆၂ မှာဖွင့်လှစ်ထားတဲ့ “Yangoods” ဆိုင်က ရှေးခေတ် မြန်မာ့သူရဲကောင်းများ၊ ပြယုဒ်များ၊ လူနေမှုဘဝပုံရိပ်များစတဲ့ ကာလကြာရှည်တည်ရှိခဲ့တဲ့ ယဉ်ကျေးမှုပုံရိပ်များစွာကို ပိတ်သား၊ ကင်းဗတ်စနှင့် သားရေစများပေါ်မှာ ဒီဇိုင်းများရေးဆွဲကာ ပြန်လည်အသက်သွင်းထားခြင်းဖြစ်ပါတယ်။

“Yangoods”ဆိုင် က အိမ်နှင့် ရုံးခန်းအလှဆင်ပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ အိတ်များ၊ Accessories များနှင့် စာရေးကိရိယာများ အစရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချခဲ့တာ ၂၀၁၅ ခုနှစ် ကတည်းက ဖြစ်ပါတယ်။

“နိုင်ငံခြားသားတွေက ကျမတို့နိုင်ငံကို လာလည်ရင် လက်မှုအနုပညာနဲ့ပတ်သက်တဲ့ လက်ဆောင်ပစ္စည်းတွေ ပေးချင်တယ်။ ဒါပေမယ့် အရည်အသွေးက အဆင်မပြေတာများတယ်လေ၊ ဒါကြောင့် ကျမတို့ Yangoods က ဒီဇိုင်းတွေကို အရည်အသွေးမြင့်အောင် ဖန်တီးလိုက်တာ။ ဆိုင်ဖွင့်စကာလတုန်းက နိုင်ငံခြားသားတွေက စိတ်ဝင်စားကြတယ်။ အခု နောက်ပိုင်းတော့ မြန်မာနိုင်ငံသားတွေ အများစုလည်း စိတ်ဝင်စားလာကြတာတွေ့ရတယ်” လို့ Yangoods ဆိုင်ရဲ့ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။

ဆိုင်ကရောင်းချသမျှ ပစ္စည်းအားလုံးနီးပါးကို ပြင်သစ်ဒီဇိုင်းပညာရှင် အမျိုးသမီး Ms Delphine Delorme က ဖန်တီး ဖြစ်တယ်လို့ သိရပါတယ်။

ဆိုင်မှာရောင်းချတဲ့ပစ္စည်းအများစုက Pop နဲ့ Ventage ဆိုပြီး ဒီဇိုင်း ၂ မျိုးခွဲခြားထားပြီး Pop ဒီဇိုင်းကတော့ ၁၉၆၀ နှောင်းပိုင်းကာလအပြင်အဆင်တွေကို အရောင်အသွေးစုံလင်စွာ ဒီဇိုင်းရေးဆွဲပြီးရောင်းချတာဖြစ်ပါတယ်။ Ventage ဒီဇိုင်းကတော့ ရှေးဟောင်းမြန်မာ့လူနေမှုဘဝပုံရိပ်များနဲ့ ယဉ်ကျေးမှုပုံရိပ်တွေကို ဖန်တီးပုံဖော်ပြီး အသုံးအဆောင် ပစ္စည်းများအဖြစ် ပြင်ဆင်ရောင်းချတာဖြစ်တယ်လို့ သိရပါတယ်။

“Yangoods” ဆိုင်မှာလက်ကောက်၊ နားကပ်လို Accessories များက ၄၉၀၀ ကျပ်မှ ၁၂၉၀၀ ကျပ်၊ ရေစိုခံ ပိုက်ဆံအိတ်တွေက ၁၄၉၀၀ မှ ၁၇၉၀၀ ကျပ်၊ မှတ်စုစာအုပ်တွေကတော့ ၆၉၀၀ ကျပ်မှ ၁၀၉၀၀ ကျပ်နဲ့ ပြက္ခဒိန် တွေကတော့ ၁၃၉၀၀ ကျပ် ဖြစ်ကြောင်း သိရပါတယ်။
လူစိတ်ဝင်စားမှုများတဲ့ လက်ဆွဲအိတ်၊ လက်ပွေ့အိတ်၊ ဖယောင်းတိုင်၊ သံဗူးများ၊ ဓာတ်ပုံများနဲ့ ရေခဲသေတ္တာမှာ ကပ်တဲ့ကပ်ခွာများစသည်ဖြင့် အခြားလက်ရာများစွာလည်းရှိပါသေးတယ်။

“Yangoods”ဆိုင် ဟာ ရှမ်းကုန်းလမ်းမှာဖွင့်လှစ်ထားတဲ့ ဆိုင်အပြင် ဗိုလ်ချုပ်ဈေး၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဆူးလေရှန်ဂရီလာဟိုတယ်၊ ဆယ်မိုင်ကုန်း၊ ကန်တော်ကြီးပဲလေ့စ်၊ နေပြည်တော် Kempinski ဟိုတယ်၊ ငပလီ Bayview Resort စတဲ့ နေရာများစွာမှာလည်း ဆိုင်ခွဲများ ဖွင့်လှစ်ရောင်းချလျက်ရှိတယ်လို့ သိရပါတယ်။

Loading