Huawei နှင့် သပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းကာ HAINA 2016 Huawei Authorized Information and Network Academy (HAINA program) ဆိုတဲ့ အစီအစဉ်သစ်တရပ် မိတ်ဆက်လာပါတယ်။ အဲ့ဒီ HAINA အစီအစဉ်ဟာ Huawei က တက္ကသိုလ်များနှင့်အတူတကွ ပြုလုပ်နေသော မိတ်ဖက်အစီအစဉ် တစ်ခုဖြစ်ပြီး Huawei ရဲ့ လေ့ကျင့်မှုနဲ့ အသိအမှတ်ပြုလက်မှတ်ရသင်တန်းများကို အဆိုပါကျောင်းများရဲ့ သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းစေခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ပညာရေးတွင် ICT နည်းပညာဖွံ့ဖြိုး တိုးတက် လာရေးကို ထောက်ပံ့ပေးရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါတယ်။
Huawei နှင့် နည်းပညာတ္ကသိုလ် (သန်လျင်) တို့ဟာ ပြီးခဲ့တဲ့နှစ် မတ်လက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာ အောင်ကျော်မြတ် နှင့် ထိုအချိန်က တာဝန်ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Yang Houlan တို့ရှေ့မှောက်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့ကြတာပါ။
“Huawei ဟာ ကမ္ဘာတဝန်းက ICT နည်းပညာပိုင်းမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ဒီ Huawei အကယ်ဒမီက ကျနော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ICT ဗဟုသုတတွေ ပိုမိုရရှိစေပြီး Huawei က ပေးအပ်တဲ့ ICT အသိအမှတ်ပြုလက်မှတ်ကို ရရှိနိုင်တဲ့ အခွင့်အရေးလည်းရှိတဲ့အတွက် အလွန်ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ Huawei ရဲ့ ဒီ လုပ်ဆောင်မှုတွေအပေါ် ကျေးဇူးတင်ပြီး နောက်ထပ်လည်း နိုင်ငံခြားကုမ္ပဏီတွေက Huawei လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်လာဖို့ မျှော်လင့်ပါတယ်” လို့ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
နောင်လာမယ့် အနာဂတ်မှာ HAINA သင်ရိုးညွှန်းတမ်း အသုံးပြုမယ့် တက္ကသိုလ်တွေအပြင် Huawei က လှူဒါန်းလိုက်တဲ့ ကွန်ပြူတာတွေကို အသုံးပြုပြီး ကျေးလက်ဒေသက ကလေးတွေပါ ကမ္ဘာကြီးနဲ့ ဆက်သွယ်လာနိုင်ပြီး ကျေးလက်ပညာရေးဖွံ့ဖြိုးတိုးတက်မှုတွေမှာလည်းပဲ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်လာစေမှာပါ။ ဒါ့အပြင် Huawei ရဲ့အသိအမှတ်ပြု လက်မှတ်ချီးမြှင့်ခြင်းအစီအစဉ်က ICT နည်းပညာလေ့လာသင်ကြားပြီးသူတွေကို နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ပေးအပ်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုမိုရရှိစေမှာဖြစ်ပါတယ်။
“ကျနော်တို့အနေနဲ့ အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လူမှုအဖွ့ဲအစည်းတွေကို ဒီ အစီအစဉ်မှာ ပိုမိုပါဝင်လာစေဖို့ မျှော်လင့်ပါတယ်” လို့ Huawei ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Zhang Liman က ထည့်သွင်းပြောကြားခဲ့ပါတယ်။