Event

အဆိုတော်အောင်ရင် ပထမဆုံး တကိုယ်တော်ဖျော်ဖြေပွဲ လုပ်မည်

This article has been converted from Zawgyi One to Unicode

တခေတ်တခါက နာမည်ကြီးအဆိုရှင်တဦးဖြစ်ခဲ့တဲ့ တေးသံရှင် အောင်ရင်က အင်္ဂလန်ကနေ မြန်မာပြည်ကို ပြန်ရောက်တုန်း အခိုက်အတန့်မှာ တကိုယ်တော်ဖျော်ဖြေပွဲကို မတ်လ ၁၁ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီ တကိုယ်တော်ဖျော်ဖြေပွဲက အဆိုတော် အောင်ရင်ရဲ့ ဂီတသက်တမ်း နှစ် ၃၀ အတွင်းမှာ ပထမဆုံးပြုလုပ်တဲ့ ပွဲလည်းဖြစ်ပြီး Live 90 လို့ အမည်ပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ ၈ နှစ်ကျော်ကင်းကွာနေတဲ့ အဆိုတော်အောင်ရင်က ဂီတပွဲပြုလုပ်ဖြစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီး “ကျနော် ဒီကိုပြန်ရောက်တော့ ပွဲလုပ်ဖို့ ကမ်းလှမ်းတာတွေ ရှိပါတယ်။ အမှန်အတိုင်းပြောရရင် ကျနော်ကလည်း ကင်းကွာနေတာကြာတော့ လုပ်ရမှာစဉ်းစားနေတာ။ အဓိက ကျနော်ဒီကိုပြန်လာတာ ကျနော်အမေနဲ့ သားနဲ့အတူတူ နှစ်လသုံးလလောက် တူတူနေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပြန်လာတာပါ။ ပွဲစဉ်အရှည်ကြီးမလုပ်ဖြစ်တာက ပရိတ်သတ်လည်း အကြာကြီးအညောင်းခံပြီးကြည့်ရပြီး ကျနော်လည်း အဲလောက်မလုပ်နိုင်ဘူးထင်နေတဲ့အချိန်မှာ လေးဖြူနဲ့ ကျနော်နဲ့တွေ့တယ်။ သူတို့က မိနစ် ၉၀ ဖျော်ဖြေပွဲတွေလုပ်နေတယ်တဲ့။ အဲဒါကိုလုပ်ပါလားလို့ပြောတော့ အဲလိုဖျော်ဖြေတဲ့အခါ သီချင်း ၁၆ ပုဒ်ပဲဆိုတော့ လာကြည့်မယ့် ပရိတ်သတ်ကိုလည်း solid ပေးနိုင်တယ်။ ကိုယ်ပိုင် သံစဉ်တွေပဲ ဆိုမယ်ဆိုတော့ လုပ်ချင်တယ်ဆိုပြီး လုပ်ဖြစ်တာပါ” လို့ ဧရာဝတီကို ပြောပြပါတယ်။

အဆိုတော်အောင်ရင်ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို မတ်လ ၁၁ ရက်မှာ ရန်ကုန်မြို့ ရှင်စောပုဘုရားလမ်းရှိ MEP မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ဖျော်ဖြေပွဲကို အဆိုတော်အောင်ရင်ရဲ့ တီးဝိုင်း Evening Star နဲ့ အတူတူ ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းများကို ကျပ် ၃၀၀၀၀၊ ၂၀၀၀၀ နဲ့ ၁၅၀၀၀ သတ်မှတ်ထားပြီး 4HD နဲ့ 5 Special ရုပ်သံလိုင်းကနေ Live ပြသသွားမှာ ဖြစ်ပါတယ်။ အဆိုတော်အောင်ရင်က မြန်မာပြည်မှာ ဧပြီလကုန်အထိ နေထိုင်သွားမယ်လို့လည်း သိရပါတယ်။

Loading