ဒီတပတ်အတွက် ကြည့်စရာ
This article has been converted from Zawgyi One to Unicode
ဒီကနေ့ မတ်လ ၄ ရက်နေ့မှာ ရုံတင်လာတဲ့ ရုပ်ရှင်ကားကြီးကတော့ ပရိတ်သတ်တော်တော်များများ စောင့်မျှော်နေကြတဲ့ မြန်မာနိုင်ငံရဲ့ လေယာဉ်ပျံပေးဆွဲတဲ့အကြောင်းကို ရိုက်ကူးထားသော “အာရုဏ်ဦး၏အလင်းရောင်နဲ့အတူ” ဇာတ်ကားပဲဖြစ်ပါတယ်။
အာရုဏ်ဦး၏အလင်းရောင်နဲ့အတူ
ဒီဇာတ်ကားကြီးကတော့ မြန်မာနိုင်ငံရဲ့ ၁၉၅၄ ခုနှစ်က ပထမဆုံးဖြစ်ပျက်ခဲ့တဲ့ လေယာဉ်ပျံ ပြန်ပေးဆွဲသော အကြောင်းကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်လည်အသက်သွင်းပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးရဲ့ အကြောင်းကတော့ မြန်မာနိုင်ငံရဲ့ ဖဆပလ အစိုးရခေတ်မှာ ကရင်လူမျိုးများ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ KNU အဖွဲ့မှ ဗိုလ်စောကျော်အေးက အစိုးရစစ်တပ်များကို ပြန်လည်ခုခံကာကွယ်ဖို့အတွက် လက်နက်ကြီးများကို ယိုးဒယားနယ်စပ်ကနေ သယ်ယူဖို့ ရန်ကုန် စစ်တွေ ပျံသန်းနေတဲ့ ခရီးသည်တင်လေယာဉ်အား ခြိမ်းခြောက် ပြန်ပေးဆွဲခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။
လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မိသားစုရှေ့ရေးနဲ့ သားသမီးများ ပညာရေး၊ ကျန်းမာရေးအဆင်ပြေဖို့အတွက် အစိုးရထံကို အလင်းဝင်ခဲ့တဲ့ ကရင်စစ်ဗိုလ် စောကျော်အေးရဲ့ ဖြစ်ရပ်မှန်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ “အရုဏ်ဦး၏အလင်းရောင်နဲ့အတူ” ရုပ်ရှင် ဇာတ်ကားကြီးမှာ ဗိုလ်စောကျော်အေးအဖြစ် စိုင်းလျံ၊ ဗိုလ်စောကျော်အေးရဲ့ဇနီး သူနာပြု ဆရာမလေး နော်ပူးပူးအဖြစ် မိုးမြင့်သဇင်တို့က ပါဝင်သရုပ်ဆောင်ထားပြီး အခြားသရုပ်ဆောင်များကတော့ မင်းသုခ၊ သင်္ခ၊ ရှိန်းဦး၊ စောမင်းယျာ ၊ ရောင်ခြည်လင်း ၊ စေခရာ စတဲ့ သရုပ်ဆောင်အသစ်ပေါင်းများစွာက ပါဝင်ထားကြပါတယ်။