Lifestyle

ကမ္ဘာတဝန်းက ကျန်းမာရေး၊ ငြိမ်းချမ်းရေး အခြေအနေတွေကို ဇောင်းတင်ထားတဲ့ “Descendants of The Sun”

This article has been converted from Zawgyi One to Unicode

မြန်မာပရိတ်သတ်တွေ အွန်စောလို့ သိကြတဲ့ ကိုရီးယားမင်းသမီး ဆောင်းဟေဂို (Song Hye-kyo) နဲ့ A Werewolf Boy ဇာတ်ကားမှာ ဝံပုလွေလူသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဆောင်းဂျွန်ကီ (Song Joong-ki) တို့ဟာ KBS ရုပ်သံဇာတ်လမ်းတွဲ “Descendants of The Sun” မှာ ပါဝင်သရုပ်ဆောင်ထားပြီး စတင်ထုတ်လွှင့်တာ သိပ်မကြာ သေးပေမယ့် ကိုရီးယားပရိတ်သတ်တွေကြားမှာ အထူးရေပန်းစားနေတယ်လို့ သိရပါတယ်။

“Descendants of The Sun” ရုပ်သံဇာတ်လမ်းတွဲမှာ ဆောင်းဂျွန်ကီက UN မှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုရီးယား လူမျိုး စစ်ဗိုလ်တဦးအဖြစ် သရုပ်ဆောင်ထားပြီး ဆောင်းဟေဂိုကတော့ နယ်စည်းမခြားဆရာဝန်များအဖွဲ့မှာ တာဝန် ထမ်းဆောင်နေတဲ့ ပရဟိတဆရာဝန်မလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။

သူတို့နှစ်ဦးဟာ ကိုရီးယားမြေမဟုတ်တဲ့ ပြည်ပ တနေရာမှာ တွေ့ဆုံခဲ့ကြပြီး သံယောဇဉ်ငြိတွယ်နေမိပုံနဲ့ ဇာတ်လမ်းကို စတင်ဖွင့်လှစ်ထားပါတယ်။ အချစ်ရေးထက် အလုပ်တာဝန်ကို ပိုပြီးဦးစားပေးသူများက ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေကို ကိုယ်ကျိုးစွန့်လွှတ်ပြီး လုပ်ဆောင်နေသူများအဖြစ် ဇာတ်လမ်းကို စတင် ဖွင့်လှစ်ထားပါတယ်။

ဒီလို ဇာတ်လမ်းကို စတင်ဖွင့်လှစ်လိုက်ခြင်းဟာ ရုပ်သံပရိတ်သတ်တွေကို အစွဲဆောင်နိုင်ဆုံး ဇာတ်ဝင်ခန်း တွေဖြစ်ခဲ့တယ်လို့ ကိုရီးယားအခြေစိုက် သတင်းမီဒီယာများက ဝေဖန်သုံးသပ်ထားကြပါတယ်။
“နေမင်းမှဆင်းသက်လာသူ” (Descendants of The Sun) လို့ အမည်ပေးထားတဲ့ ရုပ်သံဇာတ်လမ်းကို KBS ရုပ်သံမှ အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့များမှာ ၁၀နာရီတွင် ထုတ်လွှင့်နေတာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး အပိုင်း၃ ထုတ်လွှင့်တဲ့ မတ်လ ၂ ရက်နေ့မှာတော့ ကြည့်ရှုမှု ရာခိုင်နှုန်း အထူး မြင့်တက် လာခဲ့တယ်လို့ သိရပါတယ်။

အပိုင်း ၁၆ ပိုင်းသာ ပါဝင်ပြသမယ့် အဆိုပါရုပ်သံဇာတ်လမ်းတွဲဟာ အချစ်၊ အမုန်း၊ နာကြည်းမှု၊ ဂလဲ့စားချေမှု စတာတွေနဲ့ ဇာတ်ရှိန်ဆွဲထားတဲ့ ကိုရီးယားရုပ်သံဇာတ်လမ်းတွေရဲ့ အစဉ်အလာ အယူအဆတွေကို သွေဖီထားတဲ့ ဆန်းသစ်တဲ့ ဇာတ်လမ်းတွဲ တပုဒ်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ကမ္ဘာတဝန်းမှာ အရေးတကြီး ဖြေရှင်းရန် လိုအပ်နေတဲ့ ကျန်းမာရေး၊ ငြိမ်းချမ်းရေးစတဲ့ အခြေအနေတွေကို ဇောင်းတင်ထားပြီး ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ တင်ဆက်ထားတဲ့ ရုပ်သံဇာတ်လမ်းလို့ သိရပါတယ်။

ဇာတ်လမ်းဇာတ်ညွှန်း ကင်အွန်ဆော့နှင့် ကင်ဝန်ဆော့ ညီအစ်ကိုနှစ်ဦးဖြစ်ပြီး ဒါရိုက်တာကတော့ လီအွန်ဘုတ်နှင့် ဘေဆန်းဟွန်တို့ ဖြစ်ပါတယ်။ အဓိက ဇာတ်ပို့တွေကတော့ ကင်ဂျီဝန်၊ ဂျင်ဂို၊ ဂန်ရှင်အီတို့ပဲဖြစ်ပါတယ်။

Ref : kdramastars.com

Loading