“My Love from another Star” ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ကင်ဆိုဟွန်း (Kim So-hyun) ဟာ အသက်၂၈ နှစ်အရွယ် ရှိပြီဖြစ်ပေမယ့် သူ့ရဲ့ ဆယ်ကျော်သက် ကောင်လေး တယောက်လို ပျိုမြစ်နုငယ်တဲ့ ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ် အားပေးမှုကို ရရှိထားပါတယ်။
ကင်ဆိုဟွန်းဟာ Soompi Awards ကချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ရရှိခဲြ့ပီး ကိုရီးယားထိပ်တန်း သရုပ်ဆောင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
Soompi Awards ဟာ အမေရိကန်နိုင်ငံအခြေစိုက် အနုပညာအဖွဲ့အစည်းတခုဖြစ်ပြီး ကိုရီးယား အနုပညာရှင်များကို နိုင်ငံပေါင်း ၁၃၉ နိုင်ငံမှ ကိုရီးယားအနုပညာချစ် ပရိသတ်များက LINE Soompi အကောင့် နှင့် Twitter အကောင့်များမှတဆင့် မိမိနှစ်သက်တဲ့ ကိုရီးယားအနုပညာရှင်များ ကို vote ပေးရွေးချယ် ရတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။
Soompi Awards မှ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ကင်ဆိုဟွန်းက ပြိုင်ဘက်မရှိ ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ဆောင်းဂျီဟိုနှင့် ဟွမ်ဂျန်းအွန် တို့နှစ်ဦးထဲမှ ဆောင်းဂျီဟိုက Running Man ရုပ်သံအစီအစဉ်ကြောင့် မဲပိုရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။
ကင်ဆိုဟွန်းဟာ အထက်တန်းကျောင်းသားဘဝကတည်းက အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး အနုပညာလုပ်ငန်းတွေ စတင်ချိန်က သာမန်ဇာတ်ပို့ဘဝနဲ့ စတင်ခဲ့ပြီး အနုပညာကို ဝါသနာကြီးမှန်း ကိုယ့်ကိုယ်ကိုယ် သိရှိပြီးနောက် ချောင်အန်တက္ကသိုလ်မှာ ပြဇာတ်၊ ရုပ်ရှင်အဓိကဘာသာရပ်ဖြင့် ပညာသင်ကြားခဲ့ပါတယ်။
အဲ့ဒီနောက် ရုပ်သံဇာတ်လမ်းတွေမှာ ဇာတ်ပို့ဇာတ်ရံအဖြစ် ပါဝင်လှုပ်ရှားရင်း JYP Entertainment မှ ရိုက်ကူးပြီး လူငယ်သရုပ်ဆောင်တွေကို အဓိကပွဲထုတ်ထားတဲ့ မိုးကောင်းကင်အိမ်မက်များ (Dream High) ရုပ်သံမှာ ပါဝင် သရုပ်ဆောင်ခွင့် ရရှိခဲ့ပါတယ်။
အဲ့ဒီဇာတ်လမ်းမှာပဲ ကင်ဆိုဟွန်းဟာ ဇာတ်ဝင်သီချင်း ၂ပုဒ်ကို ကိုယ်တိုင်သီဆိုခဲ့ပြီး သူရဲ့ အနုပညာ အရည်အချင်းကို ထုတ်ဖော်ခွင့်ရရှိခဲ့ပါတယ်။ အဲ့ဒီရုပ်သံမှာ ကင်ဆိုဟွန်းရဲ့ အနုပညာအရည်အချင်းတွေကို ကိုရီးယား အနုပညာအသိုင်းအဝိုင်းက အသိအမှတ်ပြုခဲ့ပြီးနောက် ရုပ်သံဇာတ်လမ်းများစွာမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်လှုပ်ရှားခွင့် ရရှိခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “My Love from another Star” ရုပ်သံဇာတ်လမ်းမှာ ကင်ဆိုဟွန်းဟာ မင်းသမီးဂျန်ဂျီဟွန်းနဲ့ အတူတွဲသရုပ်ဆောင်ခဲ့ပြီး အာရှဒေသ တစ်လွှားမှာ အောင်မြင်တဲ့ ကိုရီးယားသရုပ်ဆောင်အဖြစ် ရောက်ရှိ လာခဲ့ပါတယ်။ အဲဒီ ရုပ်သံဇာတ်လမ်းနဲ့ သရုပ်ဆောင်ထူးချွန်ဆုများစွာ ရရှိခဲ့ပြီး Soompi Awards ဟာလည်း အဲဒီ ရုပ်သံဇာတ်လမ်းရဲ့ အောင်မြင်မှုနောက်ဆက်တွဲ ရလာဒ်တခုလည်း ဖြစ်ပါတယ်။
၂၀၁၅ခုနှစ်မှာတော့ “The Producers” ရုပ်သံဇာတ်လမ်းကို ရိုက်ကူးထားပြီး အဆိုပါ ရုပ်သံဇာတ်လမ်းကလည်း အောင်မြင်မှုများစွာ ထပ်မံရရှိခဲ့တဲ့ ရုပ်သံဇာတ်လမ်းဖြစ်ပါတယ်။
ကင်ဆိုဟွန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အသက် ၂၈ နှစ် ပြည့်ခဲ့ပြီး သူ့ရဲ့ မွေးနေ့မှာ သူပညာသင်ကြားခဲ့တဲ့ ချောင်အမ်တက္ကသိုလ်က ကျောင်းသား ၄ ဦးကို ပညာတော်သင်ထောက်ပံ့ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၇၀၀ ကျော် ပေးအပ်ခဲ့ပြီး သူရဲ့ ပရိသတ်များနဲ့စုပေါင်းပြီး ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် ရန်ပုံငွေ ထည့်ဝင်ခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။
ကင်ဆိုဟွန်းဟာ မကြာမီ စီနီယာမင်းသားတွေဖြစ်တဲ့ လီဗြောင်ဟွန်း၊ ဂျန်ဒေါင်ဂန်း၊ ဘေယောင်ဂျွန်း တို့ရဲ့ နေရာကို အစားထိုးနေရာယူမယ့် သူတစ်ဦးဖြစ်တယ်လို့ ဝေဖန်မှုတွေကိုလည်း ရရှိထားတဲ့သူတဦးလည်းဖြစ်ပါတယ်။
Ref ; allkpop.com