ဆေးလိပ်သောက်တဲ့ သူတွေကို ဖြတ်လို့မရအောင် စွဲလမ်းစေတာက နီကိုတင်း ဓာတ်ပါ။ ဆေးလိပ် စီးကရက် သောက်ရာကနေ ထွက်ပေါ်လာတဲ့ အဲဒီ နီကိုတင်းဓာတ်က ရှေးနှစ်ပေါင်း များစွာကတည်းက ယနေ့တိုင် လူတွေကို မူးယစ်စွဲလမ်းစေတဲ့ အပြင် အာရုံကြောနဲ့ ကြွက်သားတို့ရဲ့ ဆဲလ်တွေ ပုံမှန် လှုပ်ရှားမှုကိုလည်း အဟန့်အတား ဖြစ်စေပါတယ်။ ဆေးရွက်ကြီး မီးလောင်ရာကနေ ဖြစ်လာတဲ့ နီကိုတင်းဓာတ်ကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ လေဖြတ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
ဆေးလိပ်ကြောင့် ကျန်းမာရေး ထိခိုက်စေတယ်လို့ ဆေးပညာရှင်တွေက သက်သေအခိုင်အမာ ပြပေမယ့်လည်း လူတွေကတော့ ဆေးလိပ်ကို သောက်နေကြဆဲပါပဲ။ တချို့ဆို ဆေးရွက်ကြီးတွေကို ကွမ်းထဲမှာတောင် ထည့်ငုံပြီး နီကိုတင်းကို စားသုံးနေတာ တွေ့နိုင်ပါတယ်။ အဲဒီလို ကိုယ်ခန္ဓာထဲက နီကိုတင်းတွေ ဖယ်ရှားပေးနိုင်တဲ့ အစားအစာ တချို့ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။
ပန်းဂေါ်ဖီစိမ်း
ဘရိုကိုလီလို့ ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် ဘီ ၅ နဲ့ စီ၊ ဘီ စတဲ့ ဗီတာမင်တွေ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် သင့်ရဲ့ ခန္ဓာကိုယ်အတွင်း အရေးကြီးတဲ့ လုပ်ဆောင်မှုတွေကို အားကောင်းစေပါတယ်။ ဗီတာမင် ချို့တဲ့နေရင်တော့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်တုံ့ပြန်မှုက အားကောင်းမှာ မဟုတ်ပါ။ ဘရိုကိုလီကို စားသုံးခြင်းဖြင့် ဗီတာမင် စီက ကိုယ်တွင်း အစာချက် လုပ်ငန်းနဲ့ ကြီးထွားမှု၊ စွန့်ထုတ်မှုတွေနဲ့ သက်ဆိုင်တဲ့ ဓာတုဇီ၀ ဖြစ်ပျက်မှုတွေကို ထိန်းညှိပေးတဲ့ အပြင် အဆုတ်ကို ဖြစ်စေတဲ့ အဆိပ်အတောက်တွေကိုလည်း ကာကွယ်ပေးပါတယ်။ ဘရိုကိုလီမှာ မျိုးစေ့ဗီဇ NRF2 ပါဝင်ပြီး၊ ယင်းက အဆုတ်ရဲ့ သွေးကြောဆဲလ်တွေကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။
လိမ္မော်သီး၊ ရှောက်သီးနဲ့ သံပုယိုသီး
လိမ္မော်သီး၊ ရှောက်သီးနဲ့ သံပုယိုတွေဟာ သံပုရာမျိုးဝင် အပင်တွေ ဖြစ်ပြီး ယင်းတို့ကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ထဲက နီကိုတင်း ဓာတ်တွေကို လျော့နည်းဖယ်ရှားပေးပါတယ်။ ပြီးတော့ ယင်းမှာပါတဲ့ ဗီတာမင် စီက ဆေးလိပ် သောက်သုံးတာက ဖြစ်လာတဲ့ နီကိုတင်း တောင့်တမှု၊ နီကိုတင်း အငမ်းမရ ဖြစ်မှုတွေ နည်းပါးလျော့ကျစေပါတယ်။
ဟင်းနုနွယ်ရွက်
ဟင်းနုနွယ်ရွက်မှာ ဖောလစ်အက်ဆစ် သို့မဟုတ် ဗီတာမင် ဘီ ၉ ပါဝင်ပြီး ဟင်းနုနွယ် စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ထဲက နီးကိုတင်းဓာတ်ကို ဖယ်ရှားပေးတယ် ဆိုတာ လူသိများပါတယ်။ နီကိုတင်းဓာတ်က ဆေးလိပ်သောက်သူများ ခံစားရလေ့ရှိတဲ့ အိပ်စက်တဲ့အခါ အသက်ပြင်းပြင်းရှူခြင်းကို အဟန့်အတားဖြစ်၊ အသက်ရှူကြပ်စေပါတယ်။ ဖောလစ်အက်ဆစ်က အဟန့်အတား ဖြစ်စေတဲ့ နီကိုတင်းကို ရှင်းထုတ်ဖယ်ရှားတဲ့ အပြင် နီကိုတင်း စွဲလမ်းစိတ်ကို ဖြေဖျောက်ပေးပါတယ်။
ဂျင်း
ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်လာတဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို ဂျင်းက ဖယ်ရှားပေးပါတယ်။ ဂျင်းကို အစိမ်းလိုက် စားသုံးခြင်းဖြင့် နီကိုတင်း စွဲလမ်းစိတ်ကို ပြေလျော့စေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးတဲ့ အပြင် သွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်တွင်းက နီကိုတင်းဓာတ် ဖယ်ရှားဖယ်ထုတ်ပေးဖို့ ဂျင်းက အကောင်းဆုံးပါပဲ။
ဆက်လက် ဖော်ပြပါမည်
Ref: Only My Health