အပတ်စဉ်သောကြာနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ Myanmar Idol တေးသီချင်းဆိုပြိုင်ပွဲက တစထက် တစ ယှဉ်ပြိုင်မှုများအပေါ် ဝေဖန်ပြောဆိုမှုတွေ မြင့်တက်လာနေပါတယ်။ အဓိကကတော့ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေအပေါ် Voting ပေးပြီး ရွေးချယ်သွားတာနဲ့ ပတ်သက်လို့ပါ။ ပြီးခဲ့တဲ့တပတ် Myanmar Idol ပြိုင်ပွဲမှာလည်း မထွက်သင့်တဲ့သူ ထွက်ရတယ်ဆိုတာနဲ့ ဒိုင်ဖြစ်သူ ချမ်းချမ်းရဲ့ပရိတ်သတ်အပေါ် ပြောဆိုတဲ့စကားအပေါ်ကိုလည်း ဝေဖန်မှုများ ရှိနေပါတယ်။
အဲဒီလိုဝေဖန်မှုတွေ များနေတဲ့အပေါ် အဆိုတော်ချမ်းချမ်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ “Myanmar Idol မှာဒိုင်ထိုင်ကတည်းက ကျမတို့ အနဲနဲ့အများ ဝေဖန်ကြမယ်။ ကဲ့ရဲ့ကြမယ် ပြောကြမယ်ဆိုတာကို သိပြီးသားပါ။ ဘာကြောင့် ကိုယ့်က လက်ခံခဲ့တာလဲဆိုရင် ကိုယ်က ပြိုင်ပွဲဝင်တယောက်ဖြစ်နေခဲ့တဲ့အတွက် ပြိုင်ပွဲရဲ့ သဘော သဘာဝကို နားလည်တယ်။ တကယ်တော်ပြီး တကယ်ပြုပြင်ယူလို့ရတဲ့ ကလေးတွေက ဘယ်သူတွေလဲ ဘယ်သူတွေက မကိုက်ညီဘူး၊ မသင့်တော်ဘူးဆိုတာကိုလည်း ကျမတို့သိတယ်။ အခု ဒီမှာက Voting System ပေးတာနဲ့ သူတို့သိပ်မရင်းနှီးဘူး။ တကယ်တော်တာထက် သူတို့ သနားတဲ့သူ သူတို့ ချောတယ်လို့ ထင်တဲ့သူကို သူတို့ပေးမယ်။ မကောင်းလည်း သူတို့ပေးမှာပဲ။ မြန်မာပြည်မှာက ဒီ Voting System နဲ့ ဘယ်လိုမှ မကိုက်ညီဘူးဆိုတာ ကျမတို့ သိပါတယ်။ ဒါပေမယ့် ကျမတို့က အဲလို မလုပ်လို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ American Idol ကနေ လိုင်စင်ယူထားတာဖြစ်တဲ့အတွက် လုပ်ရတယ်။” လို့ သူကဆိုပါတယ်။
ဒါကြောင့် သနားလို့ Vote ပေးတာ၊ ကိုယ့်နယ်ကမိုလို့ ဆိုတာတွေထက်စာရင် တကယ်တော်တဲ့ အရည်အချင်းရှိတဲ့သူကိုပေးဖို့ ကိုယ်ပေးချင်တဲ့သူကိုလည်းပေးဖို့နဲ့ MPT ကတောင် ဘယ်လောက်ပဲ မဲပေးပေး တားမြစ်ထားခြင်းမရှိပေမယ့် ကိုယ်ကြိုက်တာကိုပဲ မဲပေးပြီး တကယ်အရည်အချင်းရှိတဲ့သူကိုကျတော့ မဲပေးဖို့ မေ့နေကြတယ်လို့ ချမ်းချမ်းက ပရိတ်သတ်တွေမဲပေးမှုပုံစံနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။
ဆက်လက်ပြီး ဒိုင်ဖြစ်သူ ချမ်းချမ်းက “ဒါကြောင့် ဒီတပတ်မှာရှိတဲ့ မေနှင်းဆီက အဲဒီ Botton နေရာမှာ ထိုင်သင့်တဲ့သူတယောက်မဟုတ်ဘူး။ သူက အရည်အချင်းရှိတဲ့ မိန်းကလေးတယောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ ကိုယ်က အမုန်းခံပြီး ပြောပေးနေတာပါ။ သူ့နေရာမှာ ဇော်မင်းဦးပဲဖြစ်ဖြစ်၊ စောလားထော်ဝါးပဲဖြစ်ဖြစ် M ဇော်ရိန် ပဲဖြစ်ဖြစ် ထိုင်ရရင်လည်း ကျမတို့က ပြောမှာပဲ။ ဘာကြောင့်လဲဆိုတော့ တကယ်အရည်အချင်းရှိတဲ့သူကိုပဲ တက်သွားစေချင်တာပါ။ ဒါပေမယ့် ဒီမှာက အဲလိုပြောတာကို နားလည်ပေးတဲ့ ပရိတ်သတ်က နည်းနေပါတယ်။ စိတ်နှစ်ပြီးတော့ ကြည့်တဲ့သူကနည်းပါတယ်။ အပေါ်ယံကိုပဲကြည့်ပြီး မဲပေးတဲ့သူက များပါတယ်။ တကယ်တော်တဲ့သူတွေက မရပဲ စိတ်ဓာတ်တွေကျပြီး ထွက်ခွာသွားတဲ့သူတွေကများတယ်ဆိုတော့ ကျမက ကျမအခွင့်အရေးရတဲ့အချိန်မှာ တတ်နိုင်သမျှ တကယ်တော်တဲ့ကလေးတွေကို ပရိတ်သတ်တွေလက်ထဲကို ထည့်ပေးချင်တာပါ။ ပရိတ်သတ်တွေကိုယ်တိုင်ရွေးချယ်တဲ့သူဖြစ်စေချင်လို့လဲ ဒီ Voting စနစ်ကိုလုပ်ပေးလိုက်တာပါ။ မကိုက်ညီမှန်းလည်း ကျမသိပါတယ်” လို့ ပြီးခဲ့တဲ့အခေါက်ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဧရာဝတီကို ပြောပြပါတယ်။
ဒါ့အပြင် ချမ်းချမ်းသုံးသွားတဲ့ ပြောဆိုသွားတဲ့စကားလုံးများအပေါ် ပရိသတ်တချို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒီအပေါ်ကိုတော့ ချမ်းချမ်းက “တချို့ကပြောကြတယ်ပေါ့ ကျမကို ပရိတ်သတ်ကျွေးတဲ့ထမင်းကိုစားပြီး စော်ကားနေတယ်လို့ ကျမစော်ကားနေတာလား၊ ကျေးဇူးဆပ်နေတာလားဆိုတာကို စဉ်းစားစေချင်ပါတယ်။ ကျမတို့က ကိုယ့်ထမင်းကိုယ်စားပြီး သူများအမုန်းခံနေတာပါ။ ပြုံးပြီး ဖြီးပြီး အရမ်းတော်တယ်လို့ မပြောချင်ဘူး အမှန်တိုင်းပဲ အမုန်းခံပြီးပြောချင်ပါတယ်။ အခွင့်အရေးရနေတဲ့အချိန်မှာ အခွင့်အရေးပေးဖို့က ကျမတို့မှာ တာဝန်ရှိပါတယ်။ ပြိုင်ပွဲပြီးမှ နားလည်ကြမှာပါ။ ဒီအချိန်မှာ အကောင်းပြောတဲ့သူလည်းရှိမယ် အဆိုးပြောတဲ့သူလည်းရှိမယ် အဲဒါကိုကျမ မခံစားပါဘူး။ ကျမက ဒီတာဝန်ကို ယူထားတဲ့အတွက် တာဝန်ကို ကျေအောင်ထမ်းဆောင်မှာပါ။ အမုန်းလည်းခံမယ် အကဲ့ရဲ့လည်းခံမယ် ၊ အပြောလည်းခံပါမယ်။ ဒါပေမယ့် အဲဒီအပေါ်မှာ မနှစ်မြို့ မဖြစ်ဘူး မသာယာပါဘူး။ တနေ့တချိန်ကျရင် ပရိတ်သတ်တွေ သိလာပါလိမ့်မယ်။ နိုင်ငံတကာနဲ့ယှဉ်ရင် ယှဉ်ဘောင်တန်းမယ့်သူက ဘယ်သူလဲဆိုတာကို တကယ်အရည်အချင်းပြည့်ဝတဲ့ကလေးတွေကို ဘယ်သူတွေက မွေးထုတ်ပေးခဲ့တာလည်း ဆိုတာကိုပါ။ သက်သေပြလာပါလိမ့်မယ်” လို့ပြောပြပါတယ်။
ဒိုင်လူကြီးတွေ ကယ်ခွင့်ရှိတဲ့ save လုပ်ပြီး ကယ်ခဲ့တဲ့ အခေါက်ကိုလည်း အစောကြီး save လိုက်တယ်လို့ ပရိတ်သတ်ဝေဖန်မှုအပေါ်ကိုတော့ ဆိုဖီယာအနေနဲ့ အဆိုတော်တယောက်မှာ ရှိသင့်တဲ့ပုံစံမျိုးနဲ့ လိုသလိုပြုပြင်ယူလို့ ရတဲ့ အသံအနေအထား အရည်းအချင်းတွေရှိတယ်ဆိုတာကို ဒိုင်တွေအနေနဲ့ လက်တွဲလုပ်လာကတည်းက သိရှိခဲ့တာ ဖြစ်ပြီး အကယ်လို့ အဲ့ဒီတပတ်မှာတင် သူ့အား ဖြုတ်လိုက်မယ်ဆိုပါက ပရိတ်သတ်တွေအနေနဲ့ ပြောဆိုလာကြလိမ့်ဦး မှာဖြစ်ကာ လူတိုင်းလူတိုင်းမှာ သူ့ပရိတ်သတ်နဲ့သူရှိနေလို့ တကယ်ကောင်းတဲ့အပတ်မှာ ကောင်းတဲ့သူကို မပြုတ် စေချင်တဲ့အတွက် save ထားရခြင်းဖြစ်ကြောင်း ဒိုင်ဖြစ်သူ ချမ်းချမ်းက ရှင်းပြပါတယ်။
အဆိုတော်ချမ်းချမ်းအနေနဲ့ သူရဲ့ comment ပေးမှုနဲ့ ပြောဆိုမှုများအပေါ်မှာ ဝေဖန်မှုတွေ ရှိနေပေမယ့် ရှေ့ပွဲတွေမှာလည်း ပြိုင်ပွဲဝင်များရဲ့ ကောင်းသည်ဆိုးသည်များကို ရဲရဲဝံ့ဝံ့ သတိပေးပြောဆိုသွားမယ်လို့လည်း ပြောပြခဲ့ပါတယ်။
Myanmar Idol အစီအစဉ်ကို အပတ်စဉ်သောကြာနေ့တိုင်း အဆိုတော်များရဲ့ယှဉ်ပြိုင်မှုကို ပြသနေပြီး စနေနေ့မှာတော့ ပြိုင်ပွဲဝင်များရဲ့မဲရရှိမှုကိုကြေညာကာ မဲအနည်းဆုံးရရှိတဲ့ပြိုင်ပွဲဝင်တွေကို ပြိုင်ပွဲကနေ အပြီးသတ်ထုတ်ပယ်နေတာဖြစ်ပါတယ်။ အခုဆိုရင် ပြိုင်ပွဲဝင် ၇ ယောက်သာ ကျန်ရှိနေပြီး ကျန်တဲ့ပြိုင်ပွဲဝင်များက ယခု လာမယ့်သောကြာနေ့မှာ Rock ဂီတ သီချင်းများနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။