Samsung မှ အသစ်ထွက်ရှိလာတဲ့ S7 Edge (Gold Platinum) စမတ်ဖုန်းကို KBZ (ကမ္ဘောဇ) ဘဏ် အကောင့် ဖွင့်ထားသူများအနေနဲ့ ဘဏ်အကောင့်ထဲမှာ စုငွေ ၉ သိန်းရှိထားရုံနဲ့ တလကို ငွေကျပ် တသိန်းခွဲ နှုန်းနဲ့ အရစ်ကျပေးအပ်ပြီး အတိုးမဲ့ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။
S7 Edge စမတ်ဖုန်းကို ကြိုတင်မှာယူနိုင်တဲ့ ကာလက မတ်လ ၇ ရက်နေ့ကနေ ၁၈ ရက် နေ့အထိ ဖြစ်ပြီး ကြိုတင် မှာယူလိုသူတွေ အနေနဲ့ ကမ္ဘောဇဘဏ်တွေမှာ နှစ်သက်ရာ Saving Account (စုငွေစာရင်း) ဖွင့်ပြီး ကျပ် ၉ သိန်း စုငွေသွင်းကာ လစဉ် တလ တသိန်းခွဲကျပ်နှုန်းနဲ့ အတိုးမဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Samsung Myanmar မှ KBZ Bank နှင့် နားလည်သဘောတူညီမှု စာချွန်လွှာ MoU (Memorandum of Understanding) ကို မတ်လ ၄ ရက်နေ့က ရန်ကုန်မြို့၊ Novotel ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Samsung Galaxy S7 နှင့် S7 Edge မိတ်ဆက်ပွဲမှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။
“ကျနော်တို့ ကမ္ဘောဇဘဏ်အနေနဲ့ အခုလို Samsung ဖုန်းကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး အခုလို လက်တွဲ ဆောင်ရွက်ခွင့် ရတဲ့အတွက် အများကြီး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဖုန်းဝယ်တဲ့အခါ အခုလို အတိုးနှုန်းမဲ့ အရစ်ကျငွေချေစနစ်နဲ့ တလချင်းပေးသွင်းပြီး ဝယ်ယူနိုင်မှာကြောင့် KBZ Bank Account အသုံးပြုတွေ အားလုံး အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်” လို့ KBZ Bank ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ကျော်မျိုးက ပြောပါတယ်။
Galaxy S7 Edge ကို မြန်မာနိုင်ငံမှာ မတ်လ ၂၀ ရက်နေ့မှာ ဈေးနှုန်း ငွေကျပ် ၉ သိန်းနဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးများမှာ စတင် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
မတ်လ ၂၀ ရက်နေ့မှာ လာရောက်ဝယ်ယူသူတွေကို စတင်ရောင်းချတဲ့ အထူး အစီအစဉ် အနေနဲ့ ငွေကျပ် တသိန်းခွဲ တန်ဖိုးရှိတဲ့ ထပ်ဆောင်း အပိုစည်းများအဖြစ် Samsung Battery Pack တခုနဲ့ 64GB Samsung micro SD care တွေ အပြင် Samsung Gear S2 Classic အလုံး ၂၀၀ တို့ကို ကံစမ်းမဲ ဖောက်ပေးသွားမယ်လို့ သိရပါတယ်။