တခေတ်တခါက နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများရဲ့ ဇာတ်ဝင်တေးသီချင်းတွေဆိုတာ ရုပ်ရှင်တကားရိုက်ကူးရင် အဲဒီရုပ်ရှင်ဇာတ်ကားအတွက် သီးခြားရေးသားစပ်ဆိုခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီလိုရုပ်ရှင်ဇာတ်ကားတွေနဲ့အတူတူ ဇာတ်ဝင်တေး သီချင်းတွေကပါ ပရိတ်သတ်တွေကြား အောင်မြင်ကျော်ကြား လူကြိုက်များခဲ့ကြတာလည်း မနည်းပါဘူး။ ဒီလို အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေကို ဒီဘက်ခေတ် တေးသံရှင်များက ပြန်လည်သီဆို ထားသော “ဒဏ္ဍာရီ အပါအဝင် ရုပ်ရှင်ဇာတ်ဝင်တေးများ”ဆိုတဲ့ တေးစီးရီးခွေ ထွက်ရှိလို့လာပြီဖြစ်ပါတယ်။
ဒီတေးစီးရီးကို FM ပုဂံ ၆ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖြန့်ချိလိုက်တာဖြစ်ပါတယ်။ ဒီမှာ တချိန်က နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားသီချင်း ၁၄ ပုဒ်ပါဝင်ပြီး နာမည်ကြီးသီချင်းများဖြစ်တဲ့ “ကျောက်ခဲ” သီချင်းကို ရန်အောင်၊ “နှလုံးသားမြို့တော်” သီချင်းကို စိုးပြည့်သဇင်၊ “မာနမင်းသား” သီချင်းကို မင်းဦး၊ “ရွာမယ်ဆိုရင်လေ” သီချင်းကို ထွန်းအိန္ဒြာဗိုလ်၊ “ပုစ္ဆာဆန်သောမိန်းကလေး” သီချင်းကို ရဲအောင်၊ “မောင့်မူပိုင်ရှင်”သီချင်းကို ချစ်စနိုးဦး၊ “တပြည်သူမရွှေထား” သီချင်းကို နေတိုး၊ “ကိုကိုဘာလို့မုန်းတာလဲ” သီချင်းကို ဆုပန်ထွာ ၊ “ဒဏ္ဍာရီ”သီချင်းကို မြင့်မြတ်၊ “ငယ်သူမို့မသိပါ” သီချင်းကို ချစ်သုဝေ၊ “ပန်းတွေနဲ့ဝေ” သီချင်းကို မင်းမော်ကွန်း၊ “တိတ်တခိုးအချစ်” သီချင်းကို ဝိုင်းစုခိုင်သိန်း ၊ “အချော့တော်” သီချင်းကို ကျော်ကျော်ဗိုလ် နဲ့ “မူပိုင်ရှင်မကြီး မမခိုင်” သီချင်းကို ဇော်ဝင်းထွဋ်တို့က အသီးသီး သီဆိုထားကြပါတယ်။
ဒီတေးစီးရီးခွေကို စီစဉ်ခဲ့တာ အချိန် ၂ နှစ်ကြာမြင့်ခဲ့ကြောင်းနဲ့ ပါဝင်သီဆိုကြမယ့် အဆိုရှင်များကို စိတ်ကြိုက် သီချင်းရွေးချယ်စေခဲ့တာဖြစ်တယ်လို့ စီစဉ်သူ အဆိုတော် ဇော်ဝင်းထွဋ်က ပြောပြခဲ့ပါတယ်။ ပါဝင်သီဆိုထားတဲ့ တေးသံရှင် ဆုပန်ထွာကလည်း “ပန်ပန်က ပထမ ရွာမယ်ဆိုရင်လေ သီချင်းကို ဆိုကြည့်တယ်။ သွားဆိုလိုက် အဆင်မပြေလိုက်ပေါ့။ နောက် ဖူးစာနှစ်ခိုင် ဆိုတဲ့သီချင်း အဲဒါလည်းအဆင်မပြေဘူး။ ဒီသီချင်းလေးအဆင်မပြေတော့ ဦးညီထွဋ်က ကိုကိုဘာလို့မုန်းတာလဲ ဆိုတဲ့သီချင်းလေးဆိုကြည့်ပါလားဆိုပြီး ပြောတော့ ဆိုကြည့်လိုက်တယ်။ ဒီသီချင်းလေးကိုတော့ ပန်ပန် တရက်ပဲ ဆိုလိုက်ရတယ် အဆင်ပြေသွားတယ်။ ဆိုရင်းနဲ့လည်း ဒီသီချင်းလေးကို အရမ်းကြိုက်သွားပါတယ်”လို့ တေးသီချင်းသီဆိုမှုနဲ့ပတ်သက်ပြီး ပြောပြပါတယ်။
ဒီ တေးစီးရီးကို မတ်လ ၆ ရက်နေ့က ဖြန့်ချိပေးထားတာဖြစ်ပြီး မတ်လ ၇ ရက်နဲ့ ၈ ရက်တွေမှာ အခွေ လာရောက် ဝယ်ယူသူများကို မတ်လ ၉ ရက်နေ့ MCC မှာကျင်းပပြုလုပ်မယ့် FM ပုဂံ ၆နှစ်ပြည့်ဖျော်ဖြေပွဲ တက်ရောက်နိုင်မယ့် လက်မှတ်များပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။