မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ တခုဖြစ်တဲ့ MPT ရဲ့ မန္တလေးသင်္ကြန်မဏ္ဍပ်မှာ နာမည်ကြီး Iron Cross ဂီတအဖွဲ့နဲ့ ပူးပေါင်းပြီး ဖျော်ဖြေပွဲပြုလုပ်သွားမှာ ဖြစ်လို့ သိရပါတယ်။
မန္တလေးမြို့ ၊ ကျူံးမြောက်ဘက်မှာ တည်ဆောက်ထားမယ့် MPT ရေကစားမဏ္ဍပ်မှာ ရော့ခ်ဂီတအဖွဲ့ဖြစ်တဲ့ Iron Cross က ပင်တိုင်အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့နဲ့အတူ လိဒ်ဂစ်တာ ချစ်စမ်းမောင်၊ ဘေ့စ်ဂစ်တာ ခင်မောင်သန့်၊ ကီးဘုတ် ဗညားနိုင်နဲ့ ဒရမ် ခရမ်းတို့က ဧပြီ ၁၃ ရက် (သင်္ကြန်အကျ) ကနေ ဧပြီ ၁၆ (သင်္ကြန်အတက်)နေ့အထိ ဖျော်ဖြေမှာ ဖြစ်ပါတယ်။
Iron Cross Band အနေနဲ့လည်း သင်္ကြန်ကို ရန်ကုန်၊ တောင်ကြီးတွေမှာသာ ဖျော်ဖြေခဲ့တာများပြီး ၂၀၁၆ သင်္ကြန်မှာ တွေ့ဆုံဖျော်ဖြေခွင့် ရတဲ့အတွက် ဝမ်းသာကြောင်း အဆိုတော် လေးဖြူက ရန်ကုန်မြို့၊ My Garden စားသောက်ဆိုင်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
မန္တလေးမြို့မှာ ပြုလုပ်မယ့် MPT ရေကစားမဏ္ဍပ် လက်မှတ်များနဲ့ ပတ်သက်လို့ အခမဲ့ပေးဝေသွားမှာ ဖြစ်ပြီး အသေးစိတ်ကိုတော့ ထပ်မံ ကြေညာပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
MPT ရန်ကုန် မဏ္ဍပ်မှာတော့ Lucky Hand တီးဝိုင်းနဲ့အတူ တေးသံရှင် ချစ်ကောင်း၊ မေခလာ၊ ဂရေဟမ် ဝိုင်းစုခိုင်သိန်း၊ အောင်ထက်တို့က ဖျော်ဖြေပေးကြမှာဖြစ်ပါတယ်။