အခမ်းအနား ဒါမှမဟုတ် ပွဲတပွဲကိုကြည့်ရတဲ့အခါမှာ အဓိက အရေးပါတဲ့သူတယောက်ကတော့ အခမ်းအနားမှူးပဲ ဖြစ်ပါတယ်။ သူက ပွဲတခုလုံးကို ထိန်းနိုင်ရမယ့်အပြင် ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ်မူတည်ပြီးတော့လည်း ပွဲကို တည်ငြိမ်အောင် ထိန်းထားတတ်ဖို့ အရည်အချင်းတွေ အများကြီးရှိနေဖို့လိုပါတယ်။
လက်ရှိအချိန်မှာ MRTV 4 ရဲ့ စီစဉ်တင်ဆက်သူကနေတဆင့် ပြင်ပ ပွဲတွေ ကုန်ပစ္စည်း မိတ်ဆက်ပွဲတွေမှာ အခမ်းအနားမှူးအဖြစ် အလျဉ်းသင့်သလို ဆောင်ရွက်နေတဲ့သူတဦးလည်းဖြစ် မင်္ဂလာဆောင်အခမ်းအနား တွေမှာလည်း အခမ်းအနားမှူးအဖြစ်နဲ့လည်း တွေ့မြင်ရလေ့ရှိတဲ့ ကောင်းထက်ဇော်က အခုအချိန်မှာ မင်္ဂလာဆောင်မယ့် မင်္ဂလာမောင်နှံများအတွက် အစီအစဉ်တခုကို ပြုလုပ်ပေးနေတယ်လို့သိရပါတယ်။
အဲ့ဒါကတော့ မင်္ဂလာအခမ်းအနားမှူးငှားရမ်းဖို့ ငွေကြေးမတတ်နိုင်တဲ့ မင်္ဂလာမောင်နှံတွေအတွက် အခမဲ့ မေတ္တာနဲ့ မင်္ဂလာအခမ်းအနားမှူး ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကောင်းထက်ဇော်က “ကျနော်ရဲ့ပထမဆုံး ပြင်ပအခမ်းအနားမှူးလုပ်ရတာက မင်္ဂလာဆောင်အခမ်းအနားနဲ့ စခဲ့တာလေ။ M3 တို့ Panda ဟိုတယ်တို့မှာ ကျနော်က အခမ်းအနားမှူးလုပ်ပေးခဲ့ရတာများတယ်။ ကျနော်အားတဲ့အချိန်ဆိုရင် အဲဒီအတွက် မတတ်နိုင်တဲ့သူတွေကို အခမ်းအနားမှူးလုပ်ပေးမှာပါ။ အခုဆိုရင် ၂၀၁၆ နှစ်စပိုင်းထဲက လုပ်ပေးခဲ့တာ သုံးလလောက်ရှိနေပါပြီ” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဆက်လက်ပြီး စီစဉ်တင်ဆက်သူအဖြစ် အတွေ့အကြုံ့ ဆယ်နှစ်ခန့်ရှိပြီဖြစ်တဲ့ ၎င်းက ပွဲတပွဲကို ထိန်းတယ် ဆိုတဲ့နေရာမှာ ကိုယ့်အိမ်လာလည်တဲ့ဧည့်သည်ကို ဘယ်လိုအကောင်းဆုံး ဧည့်ခံသလဲဆိုတာနဲ့ တူကြောင်း ပွဲစီစဉ်သူတွေက ကိုယ့်ကိုလာငှားရင် ကိုယ့်အနေနဲ့ ဒီပွဲက ဘာပွဲလဲ၊ ဘယ်သူတွေလာမှာလဲ၊ ကလေးတွေ လား လူကြီးတွေလား လူငယ်တွေလား ဒါတွေအပေါ်မူတည်ပြီး ပြောဆိုရတဲ့ စကားတွေကအစ ထိန်းထိန်း သိမ်းသိမ်းပြောဆိုရကာ စေတနာထားလို့ စိတ်နှစ်ပြီး လုပ်ရတဲ့ အလုပ်တခုဖြစ်တယ်လို့ သူ့ရဲ့ အတွေ့ အကြုံနဲ့ယှဉ်ပြီး ရှင်းပြပါတယ်။
ဘာကြောင့် မင်္ဂလာအခမ်းအနားတွေမှာ သူ့အနေနဲ့ အခမဲ့လုပ်ပေးဖြစ်ခဲ့တာလဲဆိုတဲ့အပေါ်ကို ဆက်ပြီး မေးမြန်းကြည့်တော့ “ကျနော်ရဲ့ အယူက တခုရှိတယ်။ ကိုယ်က ဒီဘက်မှာ ကောင်းတာတခုလုပ်ရင် ကိုယ်ဆီကို ကောင်းတာတခုက အမြဲပြန်ဝင်ဝင်လာတတ်တယ်။ ကျနော့မကောင်းကြောင်း ကောလဟလ ရှိရင်တောင် ကျနော်မဖြေရှင်းရဘူး။ သူငယ်ချင်းတွေက ပြောပြတာနဲ့ သူ့အလိုလို ဖြေရှင်းပြီးသား ဖြစ်နေတတ်တယ်။ ဒါကြောင့် သူများ မင်္ဂလာဆောင်မှာ ကိုယ့်ရဲ့လုပ်အားနဲ့ ကုသိုလ်ပြုရတာ တော်တော် မင်္ဂလာရှိတယ်။ အဲလိုယူဆတဲ့အတွက်ပါ” လို့ သူက ဆက်ပြောပါတယ်။
ကောင်းထက်ဇော်ကို မင်္ဂလာအခမ်းအနားမှူးအဖြစ် ဆောင်ရွက်စေလိုပါက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၉၂၅၀၀၆၄၀၉၁ ဖြစ်ပြီး မင်္ဂလာပွဲတလအလိုမှာ ကြိုတင်ပြောကြားရမှာ ဖြစ်ပါတယ်။ ကောင်းထက်ဇော်က အခုလက်ရှိမှာ MRTV 4 က စီစဉ်တင်ဆက်နေတဲ့ မိသားစုပြိုင်ပွဲ ၊ Morning Show ၊ သွားမယ် စားမယ် အစီအစဉ်တွေမှာ တင်ဆက်သူအဖြစ်ဆောင်ရွက်နေသူတဦးလည်းဖြစ်ပါတယ်။