လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများနှင့်အညီ မြန်မာမှ နိုင်ငံတကာ အသိုင်းအဝန်းနှင့် ချိတ်ဆက်နိုင်ရန် လူမှုနယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများက TEDxInyaLake ရဲ့ပွဲဦးထွက် Myanmar Connects အစီအစဉ်မှာ ပါဝင်ဟောပြော ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို TEDxInyaLake မှ Myanmar Connects ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၁၆ မတ်လ ၂၃ ရက်နေ့၊ အင်းယားလိပ် ဟိုတယ်မှာ ကျင်းပသွားမှာဖြစ်ပြီး စာရေးဆရာများ၊ အနုပညာရှင်များ၊ ရုပ်ရှင်ရိုက်ကူးသူများ၊ စွန့်ဦးတီထွင်သူများနှင့် အခြားကဏ္ဍအသီးသီးမှ ကျွမ်းကျင်သူများလည်း ပါဝင်မှာပါ။
မြန်မာနိုင်ငံကို ကမ္ဘာက ယေဘုယျအားဖြင့် ယှဉ်တွဲသိမြင်ခဲ့သော ပုံရိပ်များဖြစ်တဲ့ အာဏာရှင်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဂိုဏ်းဂဏ အဓိကရုဏ်းများ၊ ဘာသာရေး အကြမ်းဖက်မှုများ၊ ဆင်းရဲမွဲတေမှုများနှင့် သဘာဝကပ်ဘေးကျရောက်မှုများသာ ဖြစ်ပေါ်နေသော လူ့အဖွဲ့အစည်းတစ်ခုသာမကပဲ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကိုပါ ကမ္ဘာကသိရှိနိုင်စေရန် တင်ပြသွားမှာလည်း ဖြစ်ပါတယ်။
TEDxInyaLake ဖြစ်မြောက်အောင် ပြင်ဆင်ခဲ့သည်မှာ တစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အနာဂါတ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေတဲ့ ကဏ္ဍနယ်ပယ်အသီးသီးမှ ဦးဆောင်သူများနဲ့ စုစည်း ဆက်သွယ် ခဲ့တာပါ။ နိုင်ငံရဲ့အုပ်ချုပ်ရေး ပိုမိုကောင်းမွန်စေရန် ကြိုးပမ်းနေသော ဥပဒေပြုပုဂ္ဂိုလ်နှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ အနာဂါတ်ခေါင်းဆောင်များကို ပြုစုပျိုးထောင်ပေးနေသူများ၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းသူများ၊ မိမိတို့လူ့အဖွဲ့အစည်း ပိုမိုကောင်းမွန်လာစေရန် စွမ်းဆောင်နေတဲ့ စွန့်ဦးတီထွင်သူများအပြင် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူများ၊ စာရေးဆရာများ၊ လူမှုရေးပညာရှင်များ၊ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ ပညာရှင်များ ပါဝင်မှာဖြစ်ပြီး သူတို့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲများကို နည်းပညာ၊ ဖျော်ဖြေရေး၊ လူမှုအဖွဲ့အစည်း၊ လူငယ်ရေးရာ၊ သမိုင်းနှင့်ယဉ်ကျေးမှုအမွေအနှစ် စတဲ့ ခေါင်းစဉ်တွေအောက်မှာ ဆွေးနွေး တင်ပြသွားမှာပါ။
“ကျွန်မတို့ရဲ့ရည်ရွယ်ချက်ကတော့ ကောင်းမွန်ပေမယ့် ဖော်ထုတ်ခွင့်မရသေးတဲ့ အတွေးအခေါ်နဲ့ လုပ်ဆောင် ချက်များကို ဖော်ထုတ်ဖို့အတွက် မတူညီသော အယူအဆ၊ အသက်အရွယ်နှင့် ကျွမ်းကျင်မှုရှိတဲ့ နယ်ပယ် အသီးသီးမှ အမျိုးသား၊ အမျိုးသမီး ခေါင်းဆောင်တွေကို ရွေးချယ်ထားပါတယ်” လို့ ပွဲစီစဉ်သူ မသီရိသန့်မွန် မှ ရှင်းပြခဲ့ပါတယ်။ ပါဝင်ဟောပြောမယ့်သူ အယောက် ၅၀ ခန့်ကို စိစစ်လေ့လာခဲ့ပြီး တဒါဇင်ကျော်ကို ရွေးချယ် ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီအစီအစဉ်မှာ TED အဖွဲ့ရဲ့ခွင့်ပြုချက်မှလွဲ၍ အခြားမည်သည့်အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်မပါဘဲ အင်းယားလိပ်ဟိုတယ်တွင် ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ လက်မှတ်များကို အင်းယားလိပ်ဟိုတယ်ရဲ့ ဧည့်ခန်းမဆောင်တွင် မတ်လ ၁၃ ရက် နေ့လယ်ခင်း ၁၂ နာရီမှ ညနေ ၆ နာရီအထိ ရောင်းချပေးသွားမှာပါ။ လက်မှတ်စောင်ရေ ၁၀၀ သာ ရောင်းချသွားမည်ဖြစ်ပြီး တစ်စောင်ကို တစ်သိန်းကျပ်နှုန်း သတ်မှတ်ထား ပါတယ်။
ဒါ့အပြင် လက်မှတ်အစောင်ရေ ၅၀ ကို ကျောင်းသားနှင့် လူမှုအဖွဲ့အစည်းများအတွက် အခမဲ့သီးသန့် စီစဉ်ထားတာမို့လို့ ပါဝင်တက်ရောက်လိုတဲ့ အသင်းအဖွဲ့များမှ မတ်လ (၁) နှင့် (၇) ရက် အတွင်း အင်တာနက်စာမျက်နှာ http://goo.gl/forms/on6YbPiZB7 မှတဆင့် လျှောက်ထားနိုင်မှာဖြစ်ကာ ရွေးချယ်ခြင်းခံရတဲ့ အဖွဲ့အစည်းများကို မတ်လ (၁၁) ရက်နေ့တွင် ပြန်လည်အကြောင်းပြန်သွားမှာဖြစ်ပါတယ်။