မြန်မာနိုင်ငံရဲ့ အလှမယ်တဦးဖြစ်တဲ့ မေမြတ်နိုးတယောက် Asia’s Next top Model ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။
“မြတ်နိုးကို ပရိတ်သတ်တွေက ဒီပွဲကိုဝင်ပြိုင်စေချင်တယ်။ သူငယ်ချင်းတွေကလည်း ဖောင်တင်လိုက်ပါလားဆိုတာနဲ့ ဖောင်တင်လိုက်တယ်။ အဲဒီမှာ သူတို့က တဆင့်ပြီး တဆင့်ရွေးချယ်ရင်း အဲဒီမှာ မြတ်နိုးက ပါသွားတာပါ။ အဓိက အဲဒီမှာက တယောက်ထဲသွားပြိုင်ရတာ အေဂျင်စီ လည်းမပါဘူး။ ပြီးတော့ နေရှင်နယ်ဒါရိုက်တာလည်း မရှိဘူး ဆိုတော့ ကိုယ့်ဘာသာကြိုးစားရတယ်။ အားလုံးနဲ့ အဆင်ပြေအောင် ကိုယ့်ဘာသာကြိုးစားရတယ်။ ပြင်ဆင်မှု တွေကအစ ကိုယ့်ဘာသာလုပ်ရတယ်။ သူက တီဗွီ စီးရီးလည်းဖြစ်တဲ့အတွက် သူတို့လိုချင်တဲ့ ပုံစံမျိုးကို လုပ်ပြရတယ်။ အခက်အခဲတွေတော့ ရှိပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဒီ ပြိုင်ပွဲအစီအစဉ်ကို မတ်လ ၉ ရက်နေ့က စတင်ပြီး Star World ရုပ်သံလိုင်းကနေ ပြသသွားမှာဖြစ်ကာ ပြိုင်ပွဲဝင် ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်နေပြီး တပတ်ကို တဦးဖြုတ်သွားမယ့် အစီအစဉ်လည်းဖြစ်ပါတယ်။ မေမြတ်နိုးက အာရှမှ ယှဉ်ပြိုင်ကြတဲ့ မော်ဒယ်လ်တွေထဲမှာ အသက်အငယ်ဆုံး မော်ဒယ်လ်တဦးဖြစ်ပြီး Talent ရှိသူတဦးအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
“အရင်တုန်းက မြတ်နိုးသရဖူရထားတာကိုတော့ သူတို့အသိအမှတ်ပြုတယ်။ ဒါပေမယ့် ဒါက မော်ဒယ်လ်ပြိုင်ပွဲ ဖြစ်တဲ့အတွက် ထူးခြားတဲ့ Talent တွေလည်း ရှိရမယ်ပေါ့။ အဲဒါကိုအဓိက ပြသနိုင်ဖို့တော့လိုတယ်” လို့ မေမြတ်နိုးက ဆိုပါတယ်။
ဒီပြိုင်ပွဲမှာ အာရှက အောင်မြင်တဲ့ မော်ဒယ်လ်တွေလည်း အများကြီးဝင်ရောက်ယှဉ်ပြိုင်နေကြတာပါ။
“ကိုးရီးယားက မော်ဒယ်လ်ဆိုရင်လည်း နာမည်ကြီးပဲ။ နောက် ဖိလစ်ပိုင်က သူဆိုရင် Miss World မှာ ပြိုင်ပြီး ဆုရခဲ့တဲ့သူ၊အင်ဒိုနီးရှားကဆိုရင် Jakarta’s Fashion week မှာ ဝင်လျှောက်ခဲ့တဲ့သူတွေဖြစ်တယ်။ မော်ဒယ်လ်တွေ အကုန်လုံးက အားလုံးက ထိတ်ထိတ်ကြဲတွေပါပဲ။ မြတ်နိုးကျတော့ မော်ဒယ်လ်ဘက်ကနေမဟုတ်တော့ အကုန်လုံးက ကိုယ့်ထက်စာရင်သာတဲ့သူတွေလို့ ပြောလို့ရပါတယ်” လို့ ပါဝင်တဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မော်ဒယ်လ်များနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
ဒီပြိုင်ပွဲရဲ့ အဓိက ဒိုင်လူကြီးများကတော့ ထိုင်းနိုင်ငံကဖြစ်ပြီး မော်ဒယ်လ်ဆရာမအဖြစ် အင်ဒိုနီးရှားနိုင်ငံမှ ဆရာမက သင်ကြားပေးနေခြင်းဖြစ်ကာ Creactor Director ကတော့ ဟောင်ကောင်ကပဲ ဖြစ်ပါတယ်။
ဒီ Asia’s Next top Model ကို စင်ကာပူနိုင်ငံမှာ ပြုလုပ်တာဖြစ်ပြီး မေမြတ်နိုးက အခုလက်ရှိ စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံကို ခဏပြန်လည်ရောက်ရှိနေပြီး ရောက်ရှိတုန်းအနုပညာအလုပ်များကို လုပ်ကိုင်ဖို့လည်း ရှိတယ်လို့ သိရပါတယ်။
မေမြတ်နိုးက ၂၀၁၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံမှာပြုလုပ်တဲ့ Miss Asia Pacific World ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး အလှမယ်သရဖူ ရရှိခဲ့သူတဦးလည်းဖြစ်ကာ ယခု Asia’s Next top Model ပြိုင်ပွဲကို မြန်မာနိုင်ငံကနေ ပထမဆုံးပါဝင်ယှဉ်ပြိုင်တဲ့သူတဦးလည်း ဖြစ်ပါတယ်။