သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ အသက် ၄၃နှစ်အရွယ် Simone Rowe ဟာ အိမ်ခြေရာမဲ့တွေအတွက် ညအိပ်နိုင်တဲ့ ကား ‘Sleepbus’ များကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သတင်းတရပ်က ဆိုပါတယ်။
အဆိုပါ Sleepbus ကားများမှာ အစားအစာနဲ့ အဝတ်အထည် ထောက်ပံ့ခြင်းများ မပါရှိဘဲ ကောင်းမွန်သော တညတာ အနားယူအိပ်စက်နိုင်ရန် အဓိက ရည်ရွယ်ပြီး မေလကုန်လောက် စတင် အကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်။

Simone Rowe အနေနဲ့ ဒါဟာ သြစတြေးလျနိုင်ငံရဲ့ အိမ်ခြေရာမဲ့ ပြဿနာကို ဖြေရှင်းတဲ့ အနေဖြင့် အခုလို ‘Sleepbus’ ကားများကို ဖန်တီးခြင်းပါ။
“ကျနော်အလုပ်ထဲမှာလည်း ပြဿနာတွေကို ဖြေရှင်းတဲ့အခါ ကျနော်ပုံစံက ရိုးရိုးရှင်းရှင်းပဲ ဖြေရှင်းတယ်။”လို့ Mr Rowe က The Independent ကို ပြောပါတယ်။
အဲ့ဒီကားတွေဟာ အဆောက်အအုံတခု တည်ဆောက်ခြင်းထက် ဈေးသက်သာ၊ မြန်ဆန်ပြီး ကားတစီးလျှင် ခန့်မှန်းခြေ သြစတြေးလျ ဒေါ်လာ ၅၀၀၀၀ ကုန်ကျမှာဖြစ်ကာ တပ်ဆင်ချိန် တပတ်ခန့်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။
ကားတစီးလျှင် ၂၂ ဦး အိပ်စက်နိုင်ပြီး သန့်စင်ခန်း ၂ ခု၊ ဖုန်းအားသွင်းနိုင်ရန် USB များနှင့် ပစ္စည်းခေတ္တ သိမ်းဆည်းနိုင်ရန် အံဆွဲများ ပါရှိမှာပါ။
သြစတြေးလျနိုင်ငံမှာ အိမ်ခြေရာမဲ့ ပြဿနာ တိုးမြင့်လာတယ်လို့ Mr Rowe က ယုံကြည်နေတာပါ။ ၂၀၁၁ ခုနှစ် သြစတြေးလျနိုင်ငံ သန်းခေါင်စာရင်းအရ ခန့်မှန်းခြေအားဖြင့် လူဦးရေ ၆၃၁၄ တို့ဟာ ကြုံရာမှာ အိပ်နေကြရပြီး အဲ့ဒီ အရေအတွက်ဟာ မြင့်တက်လာဖွယ်ရာရှိနေပါတယ်။
တညအတွင်း ခန့််မှန်းခြေအားဖြင့် Sleepbus ကားအစီး ၃၀၀ ထားရှိရန် လိုအပ်ပြီး ဒီ အစီအစဉ်ဟာ ၆ နှစ်အတွင်း အောင်မြင်လာလိမ့်မယ်လို့ Mr Rowe က မျှော်လင့်နေပါတယ်။
Ref : INDEPENDENT