Lifestyle

ချစ်စရာအပြင်အဆင် အရသာတွေနဲ့ ကန်တော်ကြီးထဲက Freakshake

This article has been converted from Zawgyi One to Unicode

ပူပြင်းတဲ့ နွေရာသီကို အန်တုတဲ့အနေနဲ့ နိုင်ငံတကာက အရသာတွေအတိုင်း ပြုလုပ်ထားတဲ့ Shake သောက်ချင်သူများ အတွက် ရန်ကုန်မြို့ ကန်တော်ကြီးမျှော်စင်ကျွန်းအနီးမှာဖွင့်လှစ်ထားတဲ့ Freakshake ဆိုတဲ့ ဆိုင်လေးတဆိုင်ရှိပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် က စတင်ဖွင့်လှစ်ခဲ့တဲ့ Freakshake ဆိုင်ဟာအပြင်အဆင်နဲ့ အရသာတွေကြောင့် လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာမှာ နာမည်ရနေတဲ့ ဆိုင်တဆိုင်လည်း ဖြစ်ပါတယ်။

ကန်တော်ကြီးမျှော်စင်ကျွန်းအနီး (Steamboat) မှာဖွင့်လှစ်ထားတဲ့ Freakshake ကိုသွားမယ်ဆိုရင်တော့ စားသုံးသူတွေအနေနဲ့ လှပသပ်ရပ်တဲ့ အပြင်အဆင်ရှိတဲ့ Orea အရသာ၊ ချောကလက်၊ စတော်ဘယ်ရီ၊ ဗင်နီလာနဲ့ ဒိန်ချဉ် အရသာ shake တွေကို သောက်သုံးရမှာပါ။

ဆိုင်ရဲ့ မီနူးထဲက ချောကလက်အရသာ၊ စတော်ဘယ်ရီအရသာနဲ့ ဒိန်ချဉ်အရသာ Shake တွေက မှာယူစားသုံးမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ချောကလက်အရသာ Chocolate Freak shake မှာ Milk, Chocolate နဲ့ Nutella များပါဝင်ပါတယ်။ နိုင်ငံတကာအတိုင်း အချိုအရသာလျော့ထားတာကြောင့် အချိုကြိုက်တတ်သူတွေအတွက် သကြားတခွက် သီးသန့်ထည့်ပေးတာ တွေ့ရပါတယ်။

ဒိန်ချဉ်အရသာ Yogurt Freakshakeမှာ ဒိန်ချဉ်အရသာ shake ကို နို့၊ သကြားနဲ့ စပျစ်သီးခြောက်များ ထည့်သွင်း အသုံးပြုထားပြီး အချိုအရသာလျော့ထားတာကြောင့် အရသာပေါ့ပေါ့လေးနဲ့ စားသုံးသူကို ဆွဲဆောင်ထားပါတယ်။

မှာယူစားသုံးတဲ့ Shake ခွက်များမှာ အမြင်ဆန်းသစ်သလိုအောက်ခံဗန်း၊ ပန်းပွင့်များနဲ့ အလှဆင်ထားတာကလည်း စားသုံးသူများစိတ်ဝင်စားတဲ့ အပြင်အဆင်တမျိုးဖြစ်လို့နေတာပါ။

Shake အမျိုးမျိုးကို အခုလို အပြင်အဆင်ထူးထူးခြားခြားလေးတွေနဲ့ စိတ်ဝင်စားအောင် ဖန်တီးထားတော့ ဆိုင်ကို လာရောက်သုံးဆောင်သူအများစုကို ကြည့်လိုက်ရင် လူငယ် လူရွယ်တွေ များပါတယ်။

“အရသာက နိုင်ငံတကာလို အရသာမျိုးသွားချင်တော့ အချိုပေါ့ပေါ့လေးလုပ်ထားတယ်။ ဒါပေမယ့် ကိုယ့်မြန်မာလူမျိုးတွေ ပါးစပ်နဲ့ ကိုက်ညီအောင် လုပ်ရသေးတော့ သကြားခွက် ထပ်လုပ်ပေးလိုက်တယ်။

အသစ်အဆန်းလုပ်ကြည့်ရတာ သဘောကျတယ်။ ဝါသနာလည်းပါတယ်။ လက်ရှိမှာဝန်ထမ်းအင်အားကလည်း နည်းသေးတော့ စားသုံးသူတွေကိုပေးတဲ့ ဝန်ဆောင်မှုက သိပ်မပြည့်စုံသေးပါဘူး။ ဒါပေမယ့် ကျမအတတ်နိုင်ဆုံးကြိုးစားသွားမှာပါ”လို့ Freakshake ဆိုင်ပိုင်ရှင် မချမ်းမြေ့က ပြောပါတယ်။

စားသုံးသူတွေအနေနဲ့ Shake တခွက်ကို ၃၅၀၀ ကျပ် နဲ့ ၂၅၀၀ ကျပ်သာ ပေးရမှာဖြစ်ပြီး ပါဝင်ပစ္စည်းအများစုဟာ ပြည်ပက မှာယူအသုံးပြုတယ်လို့ သိရပါတယ်။

Freakshake အနေနဲ့ လက်တလောမှာ Shake ၅ မျိုးသာ ထုတ်လုပ်ထားနိုင်ပေမယ့် မကြာခင်မှာ ငှက်ပျောအရသာ၊ လက်ဖက်စိမ်းအရသာ၊ လိမ္မော်အရသာ shake တွေကို ထပ်မံထုတ်လုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ – ဟိန်းထက်/ဧရာဝတီ

Loading