Facebook မှာ Yangon Bee နာမည်နဲ့ Page တခုရှိပါတယ်။ Disney က ကာတွန်းဇာတ်ကောင် Super Hero တွေကို အိုင်ဒီယာဆန်းဆန်းနဲ့ မြန်မာပြည် ရောက်နေသလို ဖန်တီးထားတဲ့ ပုံတွေကနေတဆင့် လူငယ်တွေ ကြားမှာ တဖြည်းဖြည်း ရေပန်းစားလာခဲ့တာပါ။ အခုဆိုရင် လူငယ်စီး Boots ဖိနပ်တွေမှာ ကိုယ်တိုင် ဆေးရောင်ခြယ် ဖန်တီးပုံဖော်ထားတဲ့ ဒီဇိုင်းဆန်းဆန်း တွေကြောင့် ပိုပြီး လူသိများလာပါတယ်။
သူကတော့ အသက် ၃၀ အရွယ် လက်ရှိ Yangon Bee နာမည်နဲ့ Graphic Design House နဲ့ Printing လုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုညီညီထွေး ခေါ် Bee ဖြစ်ပါတယ်။
“Yangon Bee နာမည်နဲ့ စတင်လုပ်ကိုင်ဖြစ်ခဲ့တာ လွန်ခဲ့တဲ့ သုံးနှစ် ကျော်လောက်ကပါ။ အရင်ကတော့ တခြား နာမည်တခုနဲ့ပဲ လုပ်ခဲ့တယ်။ လက်ရှိတော့ Graphic Design နဲ့ ပတ်သတ်တဲ့ အပိုင်းတွေ Animation ကြော်ငြာတွေ လုပ်ပါတယ်။ နောက်ပြီး သူနဲ့ဆက်စပ်နေတဲ့ ပုံနှိပ်လုပ်ငန်းကို လုပ်ပါတယ်။ သင်တန်းဖွင့်ပါတယ်” လို့ ကိုညီညီထွေးက ဆိုပါတယ်။
သူက ဥပဒေနဲ့ ကျောင်းပြီးထားပါတယ်။ အဲဒီနောက်ပိုင်းက စပြီး လက်ရှိ အလုပ် လုပ်ဖြစ်သွားတာ ဆိုတော့ ပညာရေးနဲ့ ပတ်သက်တာ ဘာမှှကို ဆက်မလုပ်ဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။
Yangon Bee Page မှာ ဖန်တီးထားတဲ့ ပုံတွေဟာ Creative ဖြစ်ပြီး လူငယ်တွေကြားမှာ ရေပန်းစာတဲ့အပေါ် ဘယ်လို ခံစားရလဲဆိုတော့ “အဓိကက ကျနော် ပေးချင်တဲ့ Message နဲ့ အချိန်ကိုက် လုပ်တာလေးတွေကြောင့် ထင်ပါတယ်။ ကိုယ်က သူများကို ဘယ်လို Message မျိုး ပေးချင်တာလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ သိစေချင်တာလဲ၊ ကိုယ်တတ်ကျွမ်းတာက ဘာလဲ စတာတွေကို ပေါင်းစပ်ပြီး အချိန်ကိုက် ဖန်တီးလိုက်တော့ ကြည့်ရတဲ့သူတွေ သဘောကျတာပါ” လို့ ဧရာဝတီကို ပြောပါတယ်။
လက်ရှိမှာ Graphic Design နဲ့ ပတ်သက်ပြီး သင်တန်းဖွင့်ထားတယ်လို့ သိရပါတယ်။ “သင်တန်းက လောလောဆယ်တော့ ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုမယ်လို့ ရည်ရွယ်ထားတဲ့ သူတွေ၊ နောက်ပြီး ဝါသနာ အရမ်းပါတဲ့သူတွေ လုပ်ငန်းခွင် ဝင်မယ့်သူတွေ အတွက် အဆင်ပြေစေမယ့် သဘောနဲ့ ဖွင့်ဖြစ် တာပါ။ ဒီဇိုင်းတခုတည်းတင် မဟုတ်ဘဲ ပုံဆွဲတာတွေကအစ၊ ပရိုဂရမ်တခုခြင်းစီကို အသေးစိတ် နည်းစနစ်မှန်မှန် ဘယ်လိုသုံးရမယ်ဆိုတဲ့ အဆင့်အထိ စနစ်တကျ ပြင်ဆင်ပေးတာမို့လို့ လုပ်ငန်းခွင်ထဲမှာ အခက်အခဲ အနည်းဆုံး လုပ်ကိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ပေးတဲ့ သဘောပါ။ နောက်ပြီး Page ကနေတဆင့် တောင်းဆိုနေတာတွေလည်း များနေတာကြောင့် ကိုယ်ပြင်ဆင်ထားတာနဲ့ အဆင်သင့်ဖြစ်တဲ့အချိန်မှာ ဖွင့်ဖြစ်သွားတာပါ” လို့ ဆိုပါတယ်။
ကိုညီညီထွေး ဖန်တီးထားတဲ့ ပုံတွေမှာဆိုရင် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ကာတွန်းပုံတွေနဲ့ ဖန်တီးဖော်ပြထားတာတွေ တေ့ွရပါတယ်။ ဥပမာ မြို့ထဲမှာ ကားပိတ်တဲ့ပုံတို့၊ မိုးရာသီမှာ လမ်းတွေပေါ် ရေတက်နေတဲ့ပုံ၊ အီကြာကွေးပုံ၊ မုန့်လင်မယားပုံ စတဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားတွေ၊ မြန်မာမှုတွေရယ်ကို ဖန်တီးထားတာ တွေ့ရပါတယ်။
အဲဒီလို ဖန်တီးထားတာနဲ့ ပတ်သက်ပြီး သူက “တကယ်လို့ ကျနော်က အကြောင်းအရာတခုကို နှုတ်ကနေ ပြောမယ်ဆိုရင် လူနည်းနည်းပဲ သိမယ်။ စာသားလေးတခုအနေနဲ့ ရေးလိုက်မယ်ဆိုရင် နည်းနည်း ပိုများ လာမယ်။ ပုံလေး တပုံလောက်နဲ့ ပြလိုက်မယ်ဆို ပိုပြီး စိတ်ဝင်စားလာမယ်။ ဒါကိုမှ စိတ်ဝင်စားစရာ ဖန်တီးမှု လေးရယ်၊ ကိုယ့်နိုင်ငံရဲ့လက်ရှိ အနေအထားလေးရယ်နဲ့ ပေါင်းစပ်ပြီး ဖော်ပြလိုက်မယ်ဆို ပိုစိတ်ဝင်စားမယ်” လို့ ဆိုပါတယ်။
ဆက်ပြီး Yangon Bee Facebook Page မှာ လူငယ်တွေကြား ရေပန်းစားနေတဲ့ ဖိနပ်တွေမှာ ပုံဖော် ရေးဆွဲတာနဲ့ ပတ်သက်ပြီး ကိုညီညီထွေးက “လောလောဆယ်တော့ မရောင်းသေးပါဘူး။ ဖိနပ်မှာဆွဲတဲ့ Ink ရဲ့ Durabilityဘယ်လောက်ထိ ခံနိုင်ရည်ရှိလဲရယ်။ Demand အပေါ်မူတည်ပြီး Price Range ကို ဘယ်လောက် သတ်မှတ်ရမလဲဆိုတာ Analyse လုပ်နေတုန်းပဲ။ ရောင်းတာတော့ ရောင်းဖြစ်မှာပါ” တဲ့။
ဒီနေ့ခေတ် လူငယ်တွေက ဘယ်လို ဒီဇိုင်းတွေ ကြိုက်လဲဆိုတော့ “တခုခု ကွဲကွဲပြားပြားနဲ့ ဆန်းသစ် နေတာဆို လူငယ် တော်တော်များများက သဘောကျကြပါတယ်။ ဖိနပ်က နောက်ပိုင်း “ငါ့ဖိနပ်” ဆိုတဲ့ Customized Brand တခုအနေနဲ့ ရောင်းဖြစ်မှာပါ။ အဓိက လုပ်ဖြစ်တဲ့ တွန်းအားကလည်း ဒီလို လက်လုပ် အနုပညာလေးတခုကို တန်ဖိုးထားတတ် လာစေချင်တာပါ။ ကျနော် အချိန်ပေးပြီး ဆွဲပေးလိုက်တဲ့ ဖိနပ်တရံကို Proud ဖြစ်ပြီး စီးတာပဲဖြစ်ဖြစ်၊ သိမ်းထားတာပဲ ဖြစ်ဖြစ် ရှိစေချင်တာပါ။ ကြိုက်တယ်၊ သဘောကျတယ်လို့ ပြောနေကြတာနဲ့တင် တော်တော်ဝမ်းသာနေပြီ” လို့ သူ့ခံစားချက်ကို ပြောပါတယ်။
Yangon Bee အနေနဲ့ ရှေ့ဆက်ပြီး ဘာဆက်လုပ်သွားဆိုတာနဲ့ ပတ်သက်ပြီး “ကျနော် စကားပြောတဲ့ပုံလေးတွေ အများကြီး ဖန်တီးသွားပါ့မယ်။ ကိုယ်တယောက်တည်း လုပ်ပြနေတာမျိုး မဟုတ်ဘဲ ဝါသနာပါတဲ့ လူငယ်တွေကိုလည်း မျှဝေ ပေးသွားမှာပါ” လို့ ဆိုပါတယ်။
ကိုညီညီထွေး ဖြတ်သန်းကြိုးစားလာခဲ့ပုံကို အနည်းငယ် မေးကြည့်တော့ “ကျနော် ကျောင်းပြီးတဲ့အချိန် ဝင်ငွေရအောင် ဘာလုပ်ရမှန်း မသိတော့ ပုံတွေဆွဲဖြစ်ပါတယ်။ အဲ့ဒီကနေမှတဆင့် အသိတွေက အပ်လိုက်၊ ဟိုနေရာ ဒီနေရာ ကာတွန်းပုံလေးတွေ ဆွဲပေးလိုက်နဲ့ နောက်ဆုံး ပိုက်ဆံစုပြီး ကာတွန်း စာအုပ်ထုတ်ပါတယ်။ ၂ အုပ်ပါ။ အဲဒီ အချိန်တုန်းက စာမျက်နှာ ၁၀၀ ကျော်လောက်ရှိတဲ့ ကာတွန်းကို တယောက်တည်း နေ့ရောညရော ထိုင်ဆွဲရတာပါ။ ၂ လ လောက်မှ တအုပ် ပြီးပါတယ်။ အဲ့ဒီက ရတဲ့ ပိုက်ဆံနဲ့ ကွန်ပြူတာ တလုံး ရပါတယ်။ အခုခေတ် ကွန်ပြူတာတွေနဲ့ ဘာဆိုဘာမှကို ယှဉ်လို့မရတဲ့ ကွန်ပြူတာပါ” လို့ ဆိုပါတယ်။
သူလေ့လာစဉ်က ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး “အဲ့ဒီ အချိန်ထဲက အသိတယောက် Photoshop သုံးတာတွေ့လို့ နေ့တိုင်းလိုက်သုံးကြည့်ရင်း ဒီဇိုင်းပိုင်းကို ဝါသနာ ပါလာတာပါ။ အဲ့ဒီတုန်းက လေ့လာလို့ရမယ့် Resource တွေက အရမ်းနည်းတယ်။ အင်တာနက်ဆိုတာ အဲ့ဒီ အချိန်တုန်းက ဘာမှန်းတောင် မသိသေးဘူး။ Reference လုပ်လို့ရမယ့် ebook, pdf, cd, dvd ဘာမှ မရှိသေးဘူး။
ကိုယ်ကိုယ်တိုင် ဘယ်နားလိုက်ရှာရမယ် ဆိုတာ မသိတာလဲ ပါပါတယ်။ ဒီလိုပဲ Program က help file/manual လေးတွေ ဖတ်ရင်း လေ့လာခဲ့တာ ကြာတော့ ဘယ်လို အသုံးချရမလဲဆိုတာ သိလာတယ်။
အလုပ်လေးတွေ လက်ခံတယ်။ ဒါပေမဲ့ အနိမ့်ပိုင်း PC နဲ့ လုပ်ရတာဆိုတော့ သာမန် Design တခုလုပ်ရင် ညဘက် Enter နှိပ်လိုက်တဲ့ Process က မနက်မိုးလင်းတဲ့အထိ Loading လုပ်နေတဲ့နေ့တွေ အများကြီးပဲ။ အခြားသော ပြသနာတွေလည်း အများကြီးပါပဲ။ သေချာ သင်တန်းတက်ပြီး လေ့လာခဲ့ရတာ မဟုတ်တော့။ အဲ့ဒီအချိန်တုန်းကသာ ကျနော်ရပ်ခဲ့ရင် အခုဘာဖြစ်နေမယ်ဆိုတာ မသိဘူး” လို့ ပြန်ပြောင်း ပြောပြပါတယ်။
“ဆိုလိုချင်တာက တချို့သောလူငယ်တွေ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ Freelance လုပ်နေတာပဲ ဖြစ်ဖြစ် မိမိ ကွန်ပြူတာက စွမ်းဆောင်ရည်နိမ့်လို့ သူနဲ့တွဲသုံးမယ့် Gadgets တွေ Accessory တွေမရှိလို့ အလုပ်လုပ် ရတာ မကောင်းဘူး၊ အဆင်မပြေဘူး စတဲ့ Reason တွေအောက်မှာ ကိုယ့်ရဲ့ ကြိုးစားမှုကို အရှိန်မလျှော့ စေချင်ဘူး။ နောက်ပြီး ဘာလုပ်လုပ် ခံစားချက်လေးတွေ လျှော့စေချင်တယ်။ အနုပညာ ခံစားချက် မဟုတ်ဘူး။ တသီးပုဂ္ဂလ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကို ပြောတာပါ။ အဲ့ဒါကို အလုပ်နဲ့ ခွဲထွက်အောင် ကြိုးစားစေချင် ပါတယ်” လို့ ကြိုးစားနေတဲ့ လူငယ်တွေအပေါ် မျှဝေပြောပြခဲ့ပါတယ်။
ကိုယ်တိုင်က ဘယ်လို ကြိုးစားနေလဲဆိုတော့ “ကျနော်ကတော့ ပုံမှန်ပါပဲ။ ကိုယ်လက်လှမ်း မှီသလောက်ကို တခုချင်းစီ အကောင်အထည် ဖော်နေတဲ့ လူတယောက်ပါ” လို့ ဆိုပါတယ်။