လူတချို့ဟာ အပြင်ပိုင်းမှာ သန့်ရှင်းသပ်ရပ် လှပသလောက် အနီးကပ် စကားပြောကြည့်တော့မှ ခံတွင်းနံ့က မကောင်းတာ ကြုံဖူးကြမယ် ထင်ပါတယ်။ တခါတလေ ကိုယ့်ရဲ့ ခံတွင်းနံ့ မကောင်းတာလည်း သတိမပြုမိ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ခံတွင်းနံ့ နံတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ။
တကယ်တော့ ပါးစပ်ကနေ အနံ့အသက်တွေ ပြန်ထွက်တာဟာ ဝမ်းတွင်း အပူအောင်းပြီး ပုံမှန်ဝမ်းမသွားဘဲ ဝမ်းချုပ်တာကြောင့် ဖြစ်တာပါ။ ခန္ဓာကိုယ်က မလိုအပ်တဲ့ အညစ်အကြေးတွေ ကုန်စင်အောင် မစွန့်ထုတ်နိုင်တဲ့ အခါမှာ အခုလို ဖြစ်တတ်ပါတယ်။ အညစ်အကြေး စွန့်ထုတ်တာတွေက ပုံမှန်ဝမ်းသွားခြင်း၊ ပုံမှန်ဆီးသွားခြင်း၊ ချွေး၊ သွားရည်၊ သလိပ်၊ တံတွေး၊ မျက်ရည်၊ မျက်ချေး၊ နားဖာချေး စတဲ့ အညစ်အကြေးတွေပါ။ ပါးစပ်မနံအောင် လုပ်ရမယ့် အချက်တချို့ ဖော်ပြလိုက်ပါတယ်။
၁။ သေသေချာချာ ဝါးစားပါ
အစားကို သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်တဲ့ ဓာတ် (သို့) တံထွေးကို ထွက်စေပါတယ်။ ခံတွင်းတံတွေး များများထွက်စေခြင်းဟာ ခံတွင်းခြောက်သွေ့မှုကို ကာကွယ်နိုင်ပြီး ခံတွင်းနံ့ နံတာကိုလည်း ကာကွယ်ပေးပါတယ်။
၂။ ထမင်းကို တော်ရုံသာစားပါ
ထမင်းကို ဗိုက်အပြည့်စားတဲ့အခါ ကိုယ်ခန္ဓာအတွင်းရှိ အစာအိမ် တခုတည်းသာမက တခြား ကလီစာတွေကိုပါ အလုပ် ပိုလုပ်စေတာကြောင့် ခံတွင်းနံ့ နံရတာ ဖြစ်ပါတယ်။ ဒါကြောင့် အစားကို ဗိုက်တင်းအောင် မစားဘဲ အသင့်အတင့်သာ စားသင့်တယ်လို့ အကြံပေးပါရစေ။
၃။ ပဲ၊ နွားနို့၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံကို များများစားပါ
ပဲ၊ နွားနို့၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ များများစားခြင်းက ကိုယ်ခန္ဓာအတွင်း အက်စစ်ထွက်ခြင်းကို လျော့နည်းစေပါတယ်။ အက်စစ်ထွက်ခြင်း လျော့စေတဲ့အတွက် ပါးစပ်နံခြင်းလည်း အလိုအလျှောက် လျော့နည်းသွားလာမှာ ဖြစ်တယ်။
၄။ အာလုပ်ကျင်းပါ
အစာ စားပြီးတိုင်း ပါးစပ်အတွင်းထဲမှာ အစားအကြွင်းအကျန်တွေ ရှိတတ်ပါတယ်။ ဒီအကြွင်းအကျန်တွေကနေ အချဉ်ပေါက်ပြီး ပါးစပ်နံတတ်ပါတယ်။ ဖြစ်နိုင်ရင် ထမင်းစားပြီးတာနဲ့ သွားတိုက်နိုင်ရင် အကောင်းဆုံးပါ။ အချိန်မပေးနိုင်ရင်တော့ အာလုပ်ကျင်းဖို့ မမေ့ပါနဲ့။ ရံဖန်ရံခါ ဆားနဲ့ ပလုပ်ကျင်းတာကလည်း ခံတွင်းနံ့ နံတာကို ကာကွယ်ပေးပါတယ်။
၅။ ရေနွေးကြမ်းသောက်ပါ
လက်ဖက်ခြောက်ဟာ ပါးစပ်အတွင်းက အနံ့ကို ထိန်းသိမ်းထားနိုင်တဲ့ အတွက် ထမင်းစားပြီး ကော်ဖီ၊ အချိုရည်နဲ့ စာရင် ရေနွေးကြမ်းကို ပိုမိုသောက်သုံးသင့် ပါတယ်။
၆။ အကောင်းဆုံး ပူဒီနာ ရေနွေးကြမ်း ဖျော်ရည်
ပါးစပ်နံခြင်း သာမက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို ထိန်းညှိပေးနိုင်တဲ့ ပူဒီနာရေနွေးကြမ်း ဖျော်ရည်ကိုလည်း ည အိပ်ရာဝင်ခါနီး အချိန်မှာ သောက်သုံးသင့်ပါတယ်။ ပူဒီနာ ရေနွေးကြမ်း ဖျော်ရည်က ဝမ်းမှန်စေပါတယ်။ ဝမ်းမှန်တဲ့အတွက် ခေါင်းကိုက် ခေါင်းခဲရောဂါကို ကာကွယ်ပြီးသား ဖြစ်သွားသလို၊ မျက်စေ့ကိုလည်း ကြည်စေတဲ့အပြင် လေထိုးလေအောင့် လေဖြတ်ခြင်းနဲ့ တခြား ရောဂါများစွာကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
ပူဒီနာရေနွေးကြမ်း ဖျော်ရည်
-ပူဒီနာ (ပူစီနံ) တစည်းနဲ့ သံပုရာသီး တလုံး ဝယ်ပါ။
-ပူဒီနာ အရိုး အရွက် အမြစ်များကို မဖြုတ် မဖြတ်ဘဲ ရေစင်စင်ဆေးပါ။
-ပူဒီနာ ၄ ပင်၊ ၅ ပင်လောက်ကို ခွဲယူပြီး မတ်ခွက်တခုထဲ ထည့်ပါ။ ထို့နောက် ရေနွေးဆူဆူ လောင်းထည့်ပါ။
-သံပုရာသီး တခြမ်း (သို့မဟုတ်) တစိတ်ကို ညှစ်ထည့်ပါ။
-အဖုံးတခုနဲ့ ဖုံးအုပ်ထားပါ။
-အိပ်ရာဝင်ခါနီးမှာ ပူဒီနာရေနွေးကြမ်းဖျော်ရည် သောက်ပါ။
-ဖျော်ရည်ချိုချို သောက်လိုသူများ အနေနဲ့ ဆီးချို သွေးချို ရောဂါ မရှိဘူး ဆိုရင် သကြား အနည်းငယ်ထည့် သောက်သုံးနိုင်ပါတယ်။