မြန်မာ့ကားဈေးကွက်မှာ အစီး အများဆုံး၊ လူကြိုက်အများဆုံး တန်ကြေးနည်း ဆီဒင် မော်ဒယ် ဖြစ်တဲ့ Toyota Belta အာရှဈေးကွက်မှာ အင်မတန်ကို လူကြိုက်များတဲ့ ကားအမျိုးအစားဖြစ်နေပါတယ်။ ပေါ့ပါးတယ်၊ ဈေးနှုန်းချိုတယ်၊ ဇိမ်ခံ မော်ဒယ်ပုံစံမျိုးလေးဖြစ်တာကြောင့် အာရှဈေးကွက်မှာ Belta ရဲ့ ကြီးစိုးထားမှုကလည်း အံ့မခန်းစရာပါပဲ။
အရင်ဆုံး ပြောရမယ့် အချက်ကတော့ Beltaရဲ့ နာမည်ကွဲ ခေါ်ဝေါ်မှုပါ၊ ဈေးကွက်အပေါ် မူတည်ပြီး တမျိုးစီ ခေါ်ကြတာ တွေ့ရပါတယ်။ အာရှဈေးကွက်မှာ Belta ကို Vios လို့လည်း ခေါ်ပြန်ပါတယ်။ နောက်ပြီး အင်ဒိုနီးရှား တနိုင်ငံတည်းကိုပဲ Taxiမော်ဒယ် အနေနဲ့ တင်သွင်းတဲ့ နေရာမှာလည်း Limoဆိုတဲ့ နာမည် တစ်ခုကို အဲဒီမှာပဲ ခေါ်ပါသေးတယ်။ နည်းပညာ မြင့် ဖန်တီးမှုနဲ့ ဈေးကွက် ထိုးဖောက်မှုတွေကို ဥရောပ ဈေးကွက်ထိအောင် ခြေဆန့်လာတာ တွေ့ရပါတယ်။
Beltaရဲ့ ထုတ်လုပ်မှု အနေအထားကို ကြည့်မယ် ဆိုရင် သက်တမ်းအနေနဲ့ နုသေးတာ တွေ့ရပြီး ၂၀၀၅ခုနှစ် နိုဝင်ဘာလကမှ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်သလို သက်တမ်းဆယ်နှစ်ကျော် အတွင်းမှာ မျိုးဆက် ပြောင်းလဲ အဆင့်မြှင့်တင် ထုတ်လုပ်နိုင်မှု မရှိတာကတော့ Belta အတွက် အားရစရာ မဟုတ်ပါဘူး။ ဂျပန်မှာ ဆိုရင် စတင် ထုတ်လုပ်တဲ့ နှစ်ကနေ ၂၀၁၂ခုနှစ် ဇွန်လထိအောင်ပဲ ထုတ်လုပ်ခဲ့တာ တွေ့ရပြီး ပြည်ပ ဈေးကွက် အတွက်ကိုပဲ ဆက်လက်ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။
မော်ဒယ်ကို ကနဦးက ဂျပန်မှာပဲ ထုတ်လုပ်ခဲ့ပေမယ့် နောက်ပိုင်း အရှေ့တောင် အာရှ ဈေးကွက် အတွင်း လူကြိုက်များ လာတာကြောင့် ထိုင်းမှာပါ ထုတ်လုပ်လာတာ တွေ့ရပါတယ်။ အင်ဂျင်စနစ်လေးမျိုးနဲ့ ထုတ်လုပ်ပြီး ၁ ဒသမ ၀ လီတာသုံး 1KR-FE I3 အင်ဂျင်တပ်၊ ၁ ဒသမ ၃လီတာသုံး 2NZ-FE I4နဲ့ 2SZ-FE I4အင်ဂျင်တပ်၊ ၁ ဒသမ ၅လီတာသုံး 1NZ-FE I4အင်ဂျင်စနစ်တပ် ကားအမျိုးအစား မော်ဒယ်တွေ ဖြစ်ပါတယ်။ Transmissionပိုင်းမှာတော့ Autoစနစ်နဲ့လည်း ဈေးကွက်ဝင်သလို Manualနဲ့လည်း လာပြီးတော့ ဂီယာချက် ၅ချက်သုံး ဖြစ်သလို နောက်ပိုင်းမှာတော့ CVTစနစ်နဲ့လည်း ထုတ်လုပ်တာ တွေ့ရပါတယ်။
အမေရိကန် အခြေစိုက် NHTSAရဲ့ စစ်ဆေးချက်အရ ၂၀၀၈-၀၉ခုနှစ်ထုတ် မော်ဒယ်တွေကို တွေကို စိတ်ကြိုက် ပေးထားတာ တွေ့ရပြီး အဆိုပါ မော်ဒယ်နှစ်နဲ့ နော်ပိုင်း မော်ဒယ်တွေက ရှေ့ဖက် ယာဉ်မောင်းအတွက် စိတ်ချရမှု ကြယ်ငါးပွင့်၊ ယာဉ်မောင်းဘေးထိုင်ခုံအတွက် စိတ်ချရမှု ကြယ်ငါးပွင့်၊ နောက်ဖက် ထိုင်ခုံတန်းအတွက် စိတ်ချရမှု ကြယ်လေးပွင့်နဲ့ တစ်စီးလုံး အတွက်ကိုတော့ ကြယ် လေးပွင့်ထိအောင် ပေးထားတာ တွေ့ရပါတယ်။
မြောက်အမေရိကနဲ့ သြစတြေးလျမှာ ဈေးကွက်အထူးအောင်မြင်သလို တောင်အာရှမှာတော့ Viosနဲ့ ပြည်တွင်းမှာက Beltaလို့ လူသိများပါတယ်။ ဂျပန်ဈေးကွက်အတွက်ကလွဲလို့ ကျန်တဲ့ အာရှ ဈေးကွက်အတွက် Viosအမည်နဲ့ မော်ဒယ်ကို ထိုင်းနဲ့ ဖိလစ်ပိုင်မှာ တပ်ဆင်ထုတ်လုပ်ပါတယ်။ ဂျပန် အပါအဝင် အမေရိကန်နဲ့ အရှေ့အလယ်ပိုင်း ဈေးကွက်အတွက်ကိုတော့ Beltaနာမည်နဲ့ပဲ ဂျပန်မှာ ထုတ်ပါတယ်။ Beltaဆိုတာ အီတလီစကား Bella Genteကို အတိုကောက်ယူထားတာ ဖြစ်ပြီးတော့ အဓိပ္ဗာယ်က လှပမှုလို့ အဓိပ္ဗာယ်ရပါတယ်။