Lifestyle

တူသုံးတဲ့အခါ သတိပြုစရာ အချက်လေးတွေ

This article has been converted from Zawgyi One to Unicode

တရုတ်လို ဇူ (“Zhu”) လို့ ခေါ်ပြီး၊ အင်္ဂလိပ်လို Chopstick လို့ ခေါ်တဲ့ တူနဲ့ ပတ်သက်တဲ့ သတိပြုဖွယ် အချက်လေးတွေ ဖော်ပြပေးချင်ပါတယ်။ ခရစ်တော်မပေါ်မီ (၁၇၆၆-၁၁၂၂ ဘီစီ)၊ တရုတ်နိုင်ငံ Shang (ချန်) မင်းဆက်ကာလကတည်းက တူ သုံးစွဲမှု စတင်ခဲ့တာလို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

တူကို ဘယ်သူ စတင် တီထွင်ခဲ့တာလဲ

တူကို စတင် တီထွင်ခဲ့တယ်လို့ ယူဆထားသူ ၃ ဦးရှိပါတယ်။ ပထမတဦးက Shang မင်းဆက်ရဲ့ အကြီး အကဲတဦးဖြစ်တဲ့ Jiang Ziya (ဘီစီ ၁၁ ရာစု) ပါ။ တနေ့မှာ ငှက်ကလေးတကောင်က ဝါးချောင်းတွေသုံးပြီး မီးဖိုထဲက အသားတုံးကို ဆယ်ယူဖို့ပြောတာနဲ့ ဝါးလုံးလေးတွေနဲ့ အသားတုံးကို ဆယ်ယူလိုက်တဲ့အခါ အဲဒီ ဝါးလုံးအခေါင်းထဲကနေ မီးခိုးတွေ ထွက်လာပြီး သူ့ မိန်းမက သူ့ကို အဆိပ်ခတ်ထားတာကို သိသွား ပါတော့ တယ်။

ဒုတိယ တယောက်က Da Ji (ဘီစီ ၁၁ ရာစု) ဖြစ်ပါတယ်။ သူမက Shang မင်းဆက်ရဲ့ နောက်ဆုံးဘုရင် Zhou နဲ့ ရှုပ်ရှုပ်ထွေးထွေးရှိခဲ့တဲ့ အလွန်လှပတဲ့ အမျိုးသမီးဖြစ်ပြီး ဘုရင်ကို တူချောင်းတွေနဲ့ ဆယ်ယူ ဆက်သပေးခဲ့တယ်လို့ ဆိုပါတယ်။

တတိယတဦးက Da Yu (ဘီစီ၂၁ ရာစု) ပါ။ သူဟာ Xia မင်းဆက် ပထမဆုံးဘုရင်ရဲ့ ဖခင်တဦးဖြစ်ပြီး၊ သစ်သားချောင်းကို အသုံးပြုပြီး တူကို တီထွင်ခဲ့သူလို့ ဆိုပါတယ်။ တရုတ်ရိုးရာအရ ဟင်းရေပူအိုးတွေ၊ အသားပြုတ်အိုးတွေထဲကနေ ဟင်းသီးဟင်းရွက်နဲ့ အသားစတာတွေ အလွယ်တကူ အလျင်အမြန် ဆယ်ယူလို့ ရပါတယ်။

တူ အမျိုးမျိုး

တူတွေရဲ့ အရှည်က ပျမ်းမျှ (၆-၁၀ လက်မ) ရှည်လျားပြီး အလုံးက ၁/၅ လက်မ ရှိပါတယ်။ အများအားဖြင့် ဝါးနဲ့ လုပ်တဲ့ တူတွေက လူသုံး အများဆုံး ဖြစ်ပါတယ်။ သစ်ကတိုးသား၊ စန္ဒကူးသား၊ ကျွန်းနဲ့ ထင်းရှူးသား တွေနဲ့လည်း တူ ပြုလုပ်ကြပါတယ်။ ချမ်းသာကြွယ်ဝသူတွေကတော့ ကျောက်စိမ်းနဲ့ ပြုလုပ်တဲ့ တူတွေကို သုံးစွဲကြပါတယ်။ ကျောက်စိမ်းပန်းကန်၊ ကျောက်စိမ်းတူတွေက အဆိပ်ကို ပြေပျောက်စေတယ်လို့လည်း ယုံကြည်ကြတယ်။ ကျောက်စိမ်းအပြင် ရွှေ၊ ကြေးနီ၊ ကြေးဝါ၊ အဂိတ် သင်္ဘောမဟူရာ ကျောက်၊ သန္တာ ကျောက်၊ ဆင်စွယ်နဲ့ ငွေသတ္တုနဲ့လည်း တူ ပြုလုပ်သုံးစွဲကြပါတယ်။ ယနေ့ခေတ်မှာတော့ ကြွေထည်နဲ့ ပြုလုပ်တဲ့ တူ၊ ပလပ်စတစ်နဲ့ လုပ်တဲ့ တူတွေလည်း ရှိလာပါတယ်။

သတိပြုရမယ့် အချက် ၅ ချက်

ပထမဆုံး သတိပြုရမှာက တူနဲ့ ပန်းကန်တွေ ခွက်တွေကို ရိုက်ခတ်တီးခတ်တာမျိုး မလုပ်ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတောင်းစားတွေပဲ အစားအသောက်တောင်းတဲ့အခါမှာ တီးတယ်လို့ တရုတ်တွေ ယုံကြည်ကြလို့ပါပဲ။

ဒုတိယ အချက်က တူကိုင်ရင်းနဲ့ လက်ညှိုးထိုး ပြောဆိုတာမျိုး မလုပ်ရပါဘူး၊ အဲဒီ တူကိုင်ရင်းနဲ့ လက်ညှိုးထိုး ပြောဆိုတာက စွပ်စွဲတာလို့ တရုတ်တွေက ယူဆကြပါသတဲ့။

တတိယ အနေနဲ့ တူရဲ့ အဖျားကို စုပ်တာမျိုး မလုပ်ရပါဘူး။ တူကို စုပ်တာက ယဉ်ကျေးမှု ခေါင်းပါးသူ၊ မယဉ်ကျေးတဲ့ သူလို့ ယူဆခံရနိုင်ပါသတဲ့။

စတုတ္ထ အနေနဲ့ ကိုယ် အသုံးပြုတဲ့ တူနဲ့ ဟင်းခွက်တွေကို ဟိုထိုးဒီမွေ အပြုအမူမျိုး မလုပ်ရပါဘူး။ ဒီလို အပြုအမူက တဝိုင်းတည်း စားနေတဲ့သူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတာကြောင့်ပါ။

နောက်ဆုံး ပဉ္စမ အချက်က ကိုယ့်ရဲ့ ထမင်းပန်းကန် ဒါမှဟင်းပန်းကန်ထဲမှာ တူတွေကို ထောင်စိုက်တာမျိုး မလုပ်ရပါဘူး။ ဒါဟာ ကွယ်လွန်သူတွေကို ကျွေးမွေးတဲ့အခါမျိုးမှာသာ တူတွေကို ထောင်စိုက်တာလို့ ဆိုပါတယ်။

တကယ်လို့ သင့်ရဲ့  ပန်းကန်ပေါ် သို့မဟုတ် ဇလုံးပေါ် တူကို တင်ထားလိုက်မိပြီဆိုရင်တော့ သင် စားသောက်တာ ပြီးပြီ၊ ပြည့်စုံပြီလို့ ဆိုလိုရာ ရောက်ပါသတဲ့။    ။

Loading