ရန်ကုန်မြို့မှာ တကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ တေးသံရှင်တင်ဇာမော်က သူရဲ့ ဒုတိယမြောက် တကိုယ်တော်ဖျော်ဖြေပွဲကို မန္တလေးမြို့မှာ ထပ်မံပြုလုပ်မယ်လို့ သိရပါတယ်။
ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို တင်ဇာမော်ရဲ့ မွေးနေ့မတိုင်ခင်တရက် ဖေဖော်ဝါရီ ၆ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ပွဲကို “ကိုယ့်မွေးနေ့”လို့ အမည်ပေးခဲ့ကာ ယခုထပ်မံပြုလုပ်မယ့် မန္တလေး တကိုယ်တော်ဖျော်ဖြေပွဲကိုတော့ မတ်လ ၂၆ ရက်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
ဒါကိုတော့ “Tin Zar Maw , One Lady Night in Madalay” လို့ အမည်ပေးထားပါတယ်။
ယခု မန္တလေးမှာကျင်းပပြုလုပ်ဖြစ်တဲ့ ဖျော်ဖြေပွဲကိုတော့ အဆိုတော်တင်ဇာမော်ရဲ့ အမာခံပရိတ်သတ် ၃ ဦးက စီစဉ်ပေးတာဖြစ်ပြီး သူတို့သုံးယောက်ကတော့ ပွဲစီစဉ်သူများမဟုတ်ကြဘဲ တေးသံရှင်တင်ဇာမော်ရဲ့ တေးသီချင်းများ ဖျော်ဖြေပွဲများကို တစိုက်မတ်မတ်အားပေးလာခဲ့တဲ့ ပရိတ်သတ် စစ်စစ်များသာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီသုံးဦးထဲက တဦးဖြစ်တဲ့ ကိုရှိုင်းဆီဇာက ဒီပွဲလေးကို မန္တလေးမှာ ပြုလုပ်ဖို့ စီစဉ်ပေးဖြစ်တာနဲ့ ပတ်သက်ပြီး “ကျနော်တို့သုံးယောက်က မတင်ဇာမော်ရဲ့ Big Fan စစ်စစ်တွေပါ ကျနော်တို့က မတင်ဇာမော်နဲ့လွန်ခဲ့တဲ့ ၆ နှစ်ထဲက သိကျွမ်းခဲ့ပြီး မောင်နှမတွေလိုဖြစ်နေတာပါ။ ရန်ကုန်ပွဲမတိုင်ခင်ထဲက ကျနော်တို့က လုပ်ပေးချင် တာပါ။ ရန်ကုန်ပွဲကတော့ အမမွေးနေ့ဆိုတော့အမလုပ်ပါ။ မန္တလေးပွဲကိုတော့ ကျနော်တို့ကိုလုပ်ခွင့်ပေးပါ ဆိုပြီး မတင်ဇာမော်ကို ခွင့်တောင်းပြီး လုပ်ဖြစ်ခဲ့တာပါ။ တခြား အင်တာတိန်းမန့်အပိုင်း၊ ပါဖောမန့်အပိုင်း ကိုလည်း ရန်ကုန်ပွဲနဲ့မတူအောင် ကျနော်တို့စီစဉ်ထားပါတယ်။ ရန်ကုန်ပွဲက အရမ်းအောင်မြင်သွားတော့ မန္တလေးပရိသတ်ကလည်း Live စစ်စစ်ကိုလာပြီးကြည့်ချင်ကြတယ်လေ။ မန္တလေးဆိုတာကလည်း ဂီတနဲ့ပတ်သက်ရင် သီချင်းအရမ်းကြိုက်တဲ့ မြို့တမြို့ဖြစ်ပါတယ်” လို့ ဧရာဝတီကို ပြောပြခဲ့ပါတယ်။
မန္တလေးမှာပြုလုပ်မယ့် ဖျော်ဖြေပွဲမှာတော့ တင်ဇာမော်နဲ့အတူ စုံတွဲသီဆိုဖို့အတွက် အဆိုတော် ဂရေဟမ်နဲ့ ဖြိုးပြည့်စုံတို့ ပါဝင်လာမှာဖြစ်ပြီး ရန်ကုန်ပွဲနဲ့မတူတဲ့ live show ဖြစ်အောင်လည်း စီစဉ်ထားကြောင်း ကိုရှိုင်းဆီဇာက ပြောပြခဲ့ပါတယ်။
မန္တလေးဖျော်ဖြေပွဲနဲ့ပတ်သတ်ပြီးတော့ တေးသံရှင်တင်ဇာမော်က “မန္တလေးပွဲကို တခြားပွဲတွေနဲ့မတူတဲ့အချက်က ကျမကို အားပေးခဲ့တဲ့ Big Fan သုံးယောက်က ယုံကြည်မှုအပြည့်နဲ့ ပြုလုပ်ပေးတဲ့ ပွဲတခုပါ။ အဲဒီအတွက် ရင်ထဲမှာခံစားရတဲ့ ပီတိက ဘယ်အရာနဲ့မှနှိုင်းလို့မရပါဘူး။ သူတို့ ဒီပွဲကိုလုပ်တာ တင်ဇာမော်ပွဲကိုလုပ်ရင် ဘယ်လောက်ရှုံးမလဲ မြတ်မလဲဆိုတာထက် ဒီပွဲကို ဘယ်လို အကောင်းဆုံးဖြစ်အောင်လုပ်မလဲနဲ့ ဘယ်လိုအတတ်နိုင်ဆုံးလုပ်ပေးနိုင်မလဲ ဆိုတာကိုပဲ စဉ်းစားတဲ့ သူတွေပါ ရံှုးသည်ဖြစ်စေ မြတ်သည်ဖြစ်စေ အမ ခေါင်းထဲဘာမှမထားနဲ့ ဘာမှမစိုးရိမ်ပါနဲ့လို့ဆိုပြီး ပြောလာတဲ့ သူတို့သုံးယောက်ကို ကျမ ကန်ထရိုက်လို့ မမြင်ပါဘူး။ ကျမ ပရိတ်သတ်အစစ်တွေရဲ့ ယုံကြည်မှုကိုရတဲ့အတွက် ပီတိဖြစ်ရပါတယ်။ မောင်လေးသုံးယောက်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျမကို ဒီအချိန်ထိ အားပေးလာခဲ့တဲ့ ကျမရဲ့ပရိတ်သတ်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်” လို့ မန္တလေးပွဲနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
ယခု မန္တလေး တကိုယ်တော်ပွဲမှာတော့ အဆိုတော်တင်ဇာမော်က သီချင်းပေါင်း အပုဒ် ၃၀ ခန့်ကို သီဆိုဖျော်ဖြေမှာဖြစ်ပြီး မတ်လ ၂၆ ရက်မှာ မန္တလေးမြို့ မင်္ဂလာမန္တလေးမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းများကိုတော့ VIP အတွက်ကျပ် ၅၀၀၀၀၊ ၂၀၀၀၀ ကျပ်နဲ့ ၁၀၀၀၀ ကျပ်များ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ပွဲက ရရှိတဲ့ ငွေကြေးအကျိုးအမြတ်များထဲမှာ တချို့ကို အဆိုတော် တင်ဇာမော်ရဲ့ပရဟိတ Charity Group ကိုလည်း သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။