အေဝမ်းမိသားစုမှ ရုပ်ရှင်အနုပညာသင်တန်းကျောင်းဖွင့်လှစ်သင်ကြားပေးမည်
This article has been converted from Zawgyi One to Unicode
ရုပ်ရှင်နဲ့ပတ်သက်ရင် အစဉ်အလာကြီးမားခဲ့တဲ့ အေဝမ်းမိသားစုက အေဝမ်းမိသားစု ရုပ်ရှင်အနုပညာ ကလပ်ကို ဖွင့်လှစ်ပြီး သင်ကြားပေးတော့မှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ဖွင့်လှစ်မှာလည်းဖြစ်ပါတယ်။
အဆိုပါ အနုပညာကလပ်သင်တန်းမှာ သင်ကြားပေးမယ့် ဘာသာရပ်တွေကတော့ သရုပ်ဆောင်ပညာ၊ ဒါရိုက်တာပညာ၊ တည်းဖြတ်ပညာ၊ ဇာတ်ညွန်းပညာ ၊ အခြေခံရုပ်ရှင်နှင့် ဗီဒီယိုရိုက်ကူးရေးဓာတ်ပုံပညာ၊ သတင်းဇာတ်လမ်းပညာ၊ ပန်းချီပညာနဲ့ ဂီတပညာစတဲ့ ပညာရပ် ၈ မျိုးပဲဖြစ်ပါတယ်။
ဒီသင်တန်းမှာ သက်ဆိုင်ရာပညာရပ်များကို အေဝမ်းဖလင် ဝါရင့် ဒါရိုက်တာများနဲ့ ပညာရှင်များက သင်ကြားပို့ချပေးကြမှာဖြစ်ပါတယ်။
ဒီလို သင်တန်းဖွင့်လှစ်ရခြင်းနဲ့ပတ်သက်ပြီး အေဝမ်း ဦးသိန်းထွဋ်က “ဒီသင်တန်းက အေဝမ်းရုပ်ရှင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ဖွင့်ဖြစ်တာပါ။ နောက်ပြီးတော့ အနုပညာနဲ့ ပတ်သက်ရင် အေဝမ်းမျိုးဆက်သစ်တွေကိုလည်း မွေးဖွားပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုသင်တန်းကို ဖွင့်လှစ်ဖြစ်တာပါ။ ဈေးနှုန်းကိုလည်း သင့်တင့်မျှတတဲ့ သင်တန်းကြေးသတ်မှတ်ပေးထားပြီး တပတ်ကို လေးရက် သင်ကြားပေးမှာပါ” လို့ ဧရာဝတီကို ပြောပြခဲ့ပါတယ်။
အေဝမ်း မိသားစုရုပ်ရှင်ကလပ်သင်တန်းကို တက်ရောက်လိုတဲ့သူများအနေနဲ့ ဧပြီလကုန်မှာ ရန်ကုန် ပြည်လမ်း၊ ရှစ်မိုင်ခွဲ၊ ၁၄၈၊ အေဝမ်းလမ်း(အေဝမ်းမိသားစု) ခြံမှာ လျှောက်လွှာများကို အလှဓာတ်ပုံများ ယူဆောင်ကာ လာရောက်ပြီး ဖြည့်စွက်နိုင်တယ်လို့ သိရပါတယ်။