တေးရေး ကိုမောင်မောင် ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့် စစ်ကိုင်းတောင်တွင် ပြုလုပ်မည်
This article has been converted from Zawgyi One to Unicode
သင်္ကြန်မိုး အပါအဝင် တခြားသီချင်းပေါင်းများစွာ ရေးသားခဲ့သူ တေးရေးဆရာ အဉ္စလီမောင်မောင် (၁၉၄၉-၁၉၉၅) ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့် အောက်မေ့သတိရ အထိမ်းအမှတ်ပွဲကို မတ်လ ၂၂ ရက်နေ့ စစ်ကိုင်းတောင်ရှိ မဟာသမယချောင်မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
အခမ်းအနားမှာ ကျန်ရစ်သူ မိသားစုနဲ့တကွ ကိုမောင်မောင်ရဲ့ မိတ်ဆွေ အပေါင်းအသင်းများ၊ ဂီတချစ်သူများက သံဃာတော်များကို သင်္ကန်း၊ ဝတ္ထုငွေနဲ့ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း၊ ရေစက်ချ အမျှဝေမှာ ဖြစ်ပါတယ်။
မန္တလေးမြို့မှာလည်း မတ်လ ၂၂ ရက်နေ့ ညနေ ၆ နာရီကနေ ၉ နာရီအထိ အမှတ် (၁၂/A) ၃၂ – ၃၃ လမ်း, ၆၈ – ၆၉ လမ်းကြား ပတ်ကုန်းပျော်ဘွယ်ရပ် ချမ်းအေးသာစံမြို့နယ်ရှိ Mandalay Community Centerမှာ ကိုမောင်မောင် (မဇ္ဈိမလှိုင်း) အမှတ်တရ Unplugged အဖြစ် အခမဲ့ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
တေးရေး ကိုမောင်မောင်ဟာ မဇ္ဈိမလှိုင်းတေးဂီတ အဖွဲ့သားတဦးဖြစ်ပြီး မကွယ်လွန်မီက အဉ္စလီ၊ ချည်တိုင်၊ မိုးလုံးမှိုင်း၊ ရိုးရိုးလေး၊ ငြိမ်သက်ခြင်း၊ အေးအတူပူအမျှ၊ မရှိခဏ၊ ရင်ခတ်အလွမ်း၊ ဒဏ္ဍာရီ စတဲ့ အောင်မြင် ထင်ရှားတဲ့ သီချင်းများစွာ ရေးသားခဲ့သလို သင်္ကြန်မိုး၊ နွေဦးကဗျာ အစရှိတဲ့ နာမည်ကျော် သင်္ကြန် သီချင်းများလည်း ရေးသားခဲ့ခဲ့ပါတယ်။
အဉ္စလီမောင်မောင် ဟာ ၁၉၉၅ ခုနှစ် အသက် ၄၆ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။