နှာခေါင်းသွေးလျှံတယ်၊ နှာခေါင်းသွေးယိုတယ် ဆိုကြတဲ့ Epistaxis က အတော်လေး တွေ့ရများတတ်ပြီး အထူးသဖြင့် ကလေးတွေမှာ ဖြစ်ကြတာပါ။ ပုံမှန်အားဖြင့် ဖြစ်လေ့ရှိတာက ထိခိုက်ဒဏ်ရာကြောင့်၊ နှာခေါင်းကို ကုတ်ဖဲ့မိလို့နဲ့ နှပ်ညှစ်တာ အရမ်းအားသုံးလို့ ဖြစ်တတ်ပါတယ်။ ရှားပါးပေမယ့် ဖြစ်တတ်တာတွေကတော့ တခြားရောဂါတခုခု ဒါမှမဟုတ် အတွင်းဒဏ်ရာ တခုခုကြောင့် ဖြစ်ရတာပါ။
အသက်ကြီးသူတွေမှာတော့ နှာခေါင်းသွေးယိုတာက အသက်အန္တရာယ်နဲ့ အလှမ်းဝေးပါတယ်။ တခုရှိတာက နှာခေါင်း သွေးယိုတာကို မှန်မှန်ကန်ကန် မကုသမိလို့ အချိန်ရှည်ကြာ သွေးယိုတာကတော့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရနိုင်တာပါ။ ဒီအတွက် အဆင့် ၅ ဆင့်ပါတဲ့ လက်တွေ့နည်းလေး စမ်းသပ်လုပ်ဆောင် ကြည့်ကြစေလိုပါတယ်။
(၁) လူနာကို ထိုင်ခိုင်းပါ
နှာခေါင်းသွေးယိုတာနဲ့လူနာကို ထိုင်ချခိုင်းပြီး ရှေ့ကို ခပ်ကုန်းကုန်းလေးနေပါစေ။ ဒါမှသာ နှာခေါင်းကနေ သွေးတွေ အပြင်ကို စီးသွားပြီး လည်ချောင်းထဲကို နောက်ပြန် မစီးတော့ဘူးပေါ့။ ဖြစ်နိုင်ရင်တော့ လူနာကိုင်တွယ်သူအဖို့ သွေးနဲ့ တိုက်ရိုက်မထိတွေ့အောင် လက်အိတ် သုံးသင့်ပါတယ်။
(၂) နှာခေါင်းကို ညှစ်
နှာခေါင်းပေါက်ဝ အသားပျော့ပျော့နေရာကို ညှစ်ထားပြီး ပါးစပ်နဲ့ အသက်ရှူပါစေ။ ဒါဆိုရင် သွေးစီးကျတာ နည်းသွားမှာပါ။ လူနာကိုလည်း ထွေးခံလိုမျိုးအပေါ်မှာ ငုံ့ကိုင်းနေပါစေ။ ဒါမှ ထွက်လာတဲ့သွေးတွေက အပြင်ရောက်ပြီး မျိုချမိလို့ ဆိုးဝါးတဲ့ အနေအထားတွေ မရောက်နိုင်မှာပါ။ ရှူမသွင်းဖို့၊ မျိုမချဖို့၊ ချောင်းမဆိုးမိဖို့ သတိပေးနေပါ။ အတွင်းပြန် ရောက်တဲ့ သွေးတွေကခဲပြီး အသက်ရှူလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်စေလို့ပါ။
(၃) နှာခေါင်းကို ပြန်စစ်ဆေး
၁၀ မိနစ်ကြာအောင် နှာခေါင်းကို ပိတ်ထားပြီးရင် ပြန်လျှော့လိုက်ပါ။ ဒါမှ ထပ်ပြီး သွေးထွက်နေသေးရင်တော့ နောက်ထပ် ၁၀ မိနစ် ထပ်ပြီး ညှစ်ထားပေးပါ။
(၄) ရေခဲပတ်တင်ပါ
ရေခဲကျပ်ထုတ် ခေါ်မလား၊ ရေခဲအိတ်ကို နှာခေါင်းရိုးပေါ် တင်ထားပါ။ အဲသလို လုပ်ထားကလည်း သွေးစီးကျမှုကို နှေးကွေးစေပါတယ်။
(၅) နှာခေါင်းကို ပြန်စစ်ဆေးပါ
သွေးယိုကျနေတာရပ်သွားရင် လူနာရဲ့ နှာခေါင်းအပေါက်ဝတွေမှာ ရေစိုအဝတ်လေးနဲ့သန့်ရှင်းပေးပါ။ နှာခေါင်းကို ညှစ် ထုတ်တာ မလုပ်ဖို့နဲ့ အားစိုက်ပြင်းထန်တာတွေ ဘာမှ မလုပ်ဘဲ ၁၂ နာရီလောက်နေဖို့ တိုက်တွန်း သတိပေးပါ။
အများအားဖြင့်တော့ နှာခေါင်းသွေးယိုတာကို အထက်က အဆင့် ၅ ဆင့်နဲ့ လွယ်လွယ် ရပ်တန့်အောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် ဆရာဝန်ကိုပြသဖို့လိုအပ်တဲ့ အခြေအနေတွေလည်း ကြုံရနိုင်တာ သတိပြုရပါလိမ့်မယ်။
• မကြာခဏ နှာခေါင်းသွေးယိုနေရင် (တပတ်မှာ တကြိမ်ထက် ပိုဖြစ်နေရင်) ဆေးခန်းပြပါ။ သွေးတိုး ရောဂါရဲ့ လက္ခဏာတခု ဖြစ်လို့ပါ။
• တချို့သွေးကျဲဆေး ခေါ်တဲ့ Wafarin လို ဆေးတွေကို သောက်နေရတဲ့ လူနာတွေမှာ သွေးယိုတာက မတိတ်တော့ဘူးဆိုရင် ဆေးခန်းအမြန်သွားပါ။
• ဦးခေါင်းကို ထုရိုက်တာမျိုးဖြစ်ပြီး နှာခေါင်းကနေ သွေးရည်ကျဲကျဲတွေ ထွက်နေရင် အရေးပေါ်ပြသပါ။ ဦးခေါင်းခွံရိုး ကျိုးတာ ဖြစ်တတ်ပါတယ်။
• အကြောင်းမဲ့ နှာခေါင်းသွေးယို၊ သွားဖုံးသွေးယိုတာတွေ တွဲဖြစ်ပြီး ကိုယ်ပေါ်မှာ အညိုမည်းတွေစွဲလာ တာမျိုးဆိုရင်လည်း ဆေးကုသမှုခံယူဖို့ ပြသရပါလိမ့်မယ်။
အခုဆိုရင် တွေ့ရမရှားတဲ့ နှာခေါင်းသွေးလျှံတာကို မြန်မကြာ သက်သာအောင်လုပ်နိုင်သလို လိုအပ်တာတွေ ရှိနေရင်လည်း ထပ်ပြီး စမ်းသပ်စစ်ဆေး ကုသခံနိုင်ကြောင်း ဆိုလိုက်ပါရစေ။