အနုပညာရှင် လက်ျာလင်းနိုင်ရဲ့ တိတ်ဆိတ် ငြိမ်သက်သော အစိမ်းရောင် (Silent Green) အမည်ရ တတိယ အကြိမ်မြောက် တကိုယ်တော် အနုပညာပြပွဲကို ရန်ကုန်မြို့ ရှိ Cloud 31 အနုပညာပြခန်းမှာ မတ် ၁၉ ကနေ ၂၃ အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ပြပွဲမှာ ပန်းချီနဲ့ အင်စတော်လေးရှင်း အနုပညာ လက်ရာပေါင်း ၆၁ ခုပါဝင်ပြီး လက်ရာတခုစီနဲ့ ပတ်သက်တဲ့ အက်ဆေးတို လေးများလည်း ပါဝင်တဲ့အပြင် ယင်း အက်ဆေးတိုလေးတွေကို စာပေနယ် အပါအဝင် တခြားနယ်ပယ် အသီးသီးမှ မိတ်ဆွေ ၆၁ ဦးက အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ပေးထားကြောင်း သိရပါတယ်။
“ကျနော့် စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးဖြစ်ခဲ့တဲ့ လက်ရာ၊ အဲဒီလက်ရာနဲ့ ပတ်သက်တဲ့ အက်ဆေးတိုလေးတွေလည်း ပြပွဲမှာ ထည့်သွင်းပြသထားပါတယ်။ ထူးခြားတာက အဲဒီ အက်ဆေးတိုလေးတွေကို နယ်ပယ်အသီးသီးက မိတ်ဆွေ ၆၁ ဦးက မေတ္တာနဲ့ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးထားပါတယ်။ ပါဝင်တာက အခရိုင်းလစ်၊ ပက်စတယ်ကားတွေ၊ အင်စတော်လေးရှင်းနဲ့ Collage လက်ရာတွေလည်း မပါမဖြစ် ပါတယ်ဆိုပါတော့” လို့ အသက် ၃၈ နှစ်အရွယ် အနုပညာရှင် လကျ်ာလင်းနိုင်က ပြောပါတယ်။
သူ့ရဲ့ “စီးဆင်းသူ” လို့ အမည်ပေးထားတဲ့ လက်ရာမှာတော့ အနက်ရောင် နောက်ခံရှေ့က ပန်းနုရောင်ကင်းဗတ်ပေါ်မှာ ရောင်စုံစက္ကူတချို့နဲ့ ဂျီသြမေတြီ ဆန်ဆန် လေးထောင့်ပျက် ပုံတခုဖြစ်အေင် Collage လုပ်ဖန်တီးထားပြီး၊ ကင်းဗတ်ရဲ့ ညာဘက်ဘေး အပေါ်ပိုင်းမှာတော့ တြိဂံပုံ ဒေါင်းမီးကွက်လေး ကပ်ထားပါတယ်။ အဲဒီ လက်ရာနဲ့ အတူ ကဗျာတပုဒ်ကို ယှဉ်တွဲ ပြထားပါတယ်။
လက်ျာလင်းနိုင်ရဲ့ တကိုယ်တော် အနုပညာ ပြပွဲအမည်များက Silent (ငြိမ်သက်သော) ဆိုတဲ့ စကားလုံးနဲ့ ဆက်စပ် နေတာ တွေ့ရပါတယ်။ ၂၀၀၈ ခုနှစ်က လောကနတ် ပြခန်းမှာ ပြုလုပ်ခဲ့တဲ့ သူပထမဆုံး တကိုယ်တော် ပြပွဲ အမည်က “တိတ်ဆိတ်ငြိမ်သက်သော အတွေးစိတ်ကူး (Silent Thought)” ဖြစ်ပါတယ်။ ဒုတိယ အကြိမ် တကိုယ်တော် အနုပညာ ပြပွဲဖြစ်တဲ့ “တိတ်ဆိတ်ငြိမ်သက်သော အဝါရောင် (Silent Yellow)” ကိုတော့ ၂၀၀၉ ခုနှစ်က မန္တလေးအသင်းတိုက် ရတနာပုံ ပြခန်းမှာ ပြုလုပ်ခဲ့ပါတယ်။
ခွဲစိတ်ဆရာဝန် တဦးဖြစ်တဲ့ လကျ်ာလင်းနိုင်ဟာ ၂၀၀၀ ပြည့်နှစ်လောက် ကတည်းက ပန်းချီရေးဆွဲခြင်း၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေးများ ရေးသားခြင်းများ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ လက်ရာတွေထဲမှာလည်း သူလုပ်ကိုင်နေရတဲ့ ခွဲစိတ်ကုသတဲ့ အတွေ့အကြုံတွေ ထင်ဟပ်နေတယ်လို့ ဆိုနိုင်ပါတယ်။
“ပထမ၊ ဒုတိယ အကြိမ် ပြပွဲတွေနဲ့ ဘာတွေ ကွာခြားသွားပြီလဲ ဆိုတော့ အသက်အရွယ်ရော၊ အတွေးအခေါ် ရော ပြောင်းလဲသွားတယ် ပေါ့။ အထူးသဖြင့် ကျနော်နေ့စဉ် တွေ့ထိနေရတဲ့ ခွဲစိတ်ကုသနေရတဲ့အလုပ်၊ လူနာတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆို နှစ်သိမ့်ရတာတွေကလည်း ကျနော့်စိတ်ခံစားမှုကို ရိုက်ခတ်ပါတယ်။ အဲဒီခံစားမှုက ကျနော် ဖန်တီးတင်ပြတဲ့ လက်ရာကိုလည်း ရိုက်ခတ်ပါတယ်။ အထူးသဖြင့်တော့ ဘဝရဲ့ မျှော်လင့်ခြင်းနဲ့ ဆက်စပ်နေမယ် ထင်ပါတယ်” လို့ အနုပညာရှင် လက်ျာလင်းနိုင်က ပြောပြပါတယ်။
တကိုယ်တော် ပြပွဲတွေတိုင်းမှာ ဘာကြောင့် ‘တိတ်ဆိတ်ငြိမ်သက်သော’ ဆိုတဲ့ အမည်ကို ယူတာလဲလို့ မေးတော့ သူက “ကျနော်က တိတ်တိတ် ဆိတ်ဆိတ် ငြိမ်ငြိမ် သက်သက် နေချင်သူပါ။ တခြား သူတွေထက် ပိုငြိမ်သက်ဖို့ ကြိုးစားနေလေ့ ရှိတယ်။ ထိုးမယ့်ဆင် တလှမ်းဆုတ်တာမျိုး မဟုတ်သလို ကျယ်ကျယ်လောင်လောင် ပေါက်ကွဲပစ်ဖို့ အရှိန်ယူ ငြိမ်သက်တာမျိုးလည်း မဟုတ်ပါဘူး။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကန်ရေပြင်လိုပါပဲ။ ခဲလုံးတွေ ကျလာရင်တောင် လှိုင်းဂယက် မထမိဖို့ ငြိမ်သက်တဲ့ ကန်ရေပြင်ပါပဲ” လို့ ဒုတိယ ပန်းချီပြပွဲမှာတုန်းက ပြောပြခဲ့ဖူးပါတယ်။