ပြည်တွင်းမှာက ဂျပန် အခြေစိုက် မော်ဒယ်ချင်း တူရင်တောင်မှ Toyotaကိုပဲ လူကြိုက်များသလို ဈေးနည်းနည်း မြင့်ချင်တာ မှန်ပေမယ့် အရည်အသွေးနဲ့ အပိုပစ္စည်းလည်း အဆင်ပြေတာကြောင့် လက်ခံနိုင်စရာ အနေ အထား ပါ။ ဒါပေမယ့် မော်ဒယ် နှစ်ချင်းတူမယ်၊ ကိုယ်ထည် အမျိုးအစားချင်း တူမယ်၊ ဆိုရင်တော့ Toyotaရဲ့ မော်ဒယ် တွေထက် အခု Noteလို Nissanနဲ့ Hondaတို့လို ကုမ္ဗဏီတွေရဲ့ မော်ဒယ်တွေက ဈေးနည်းနည်း ပိုချိုနိုင်ပါတယ်။
Noteရဲ့ ကိုယ်ထည်နဲ့ အနေအထားအရ ဆိုရင်တော့ Wishလို မော်ဒယ်ကို ပြည်တွင်းမှာ ပြိုင်ဖက် ပုံစံ ထားရမှာ ဖြစ်ပြီး ၂၀၁၀ခုနှစ်လို မော်ဒယ် နှစ်ချင်း အတူတူလောက် ထုတ်ထားမယ် ဆိုရင် အနည်းဆုံး ဈေးက သိန်း ၃၀လောက် ဟသွားပါတယ်။ ဒီတော့ မော်ဒယ်နိမ့် ဈေးချိုချိုကို ရွေးမလား၊ မော်ဒယ်မြင့် ဈေးတူကို ရွေးချယ် မလား။ စဉ်းစားစရာပါ။
ဥပမာ ၂၀၀၇ခုနှစ် ဝန်းကျင် Wish တစ်စီးကို သိန်း ၁၆၀လောက် ခေါ်နေချိန်မှာ Noteကတော့ ၁၂၀လောက် ခေါ်တာမျိုး တွေ့ရပါတယ်။ ၂၀၁၄၀န်းကျင်လောက် ထုတ်ထားတဲ့ Noteလောက်ဆိုမှ သိန်း ၁၆၀လောက် ခေါ်တာပါ။ ဒါဆို ပြောခဲ့ပြီးသလို ဈေးနည်းနည်း မော်ဒယ်နိမ့်ကို ရွေးမလား၊ ဈေးတူ မော်ဒယ်မြင့်ကို ရွေးချယ် မလား။ ရွေးချယ်နိုင်စရာ ပိုများလာပါတယ်နော်။
မောင်းနှင်ပြီး ကီလို အပိုင်းမှာ သုံးသောင်းကျော် လေးသောင်းလောက်ပဲ ရှိနေသေးတာ ဆိုတော့ အားလုံး လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ ဖြစ်သလို မော်ဒယ်က အရောင်ပိုင်း တစ်ချက်လည်း မရွေးဘူး ဆိုရင် ဈေးနှုန်းက ထည့်တွက်စရာ မလိုတော့ပါဘူး။ အဖြူနဲ့ အနက်ကို အကြိုက်ဆုံး ဖြစ်တဲ့ ပြည်တွင်း ဈေးကွက် အနေအထားမှာ အညိုနဲ့ ခဲရောင်လို Noteတွေလည်း ဈေးကွက်မှာ တွေ့ရပါတယ်။
ဘာကြောင့် ဆိုတာ ကျွန်တော် မပြောတတ်ပေမယ့် ရွေးကျန် အနေနဲ့ အရောင်အပေါ်မှာ မူတည်ပြီး အဖြူနဲ့ အနက်က လွဲလို့ ကျန်တဲ့ မော်ဒယ်တွေ အကျန်များပါတယ်။ ဒါဆို အရောင်ပိုင်း ဒီလောက် မရွေးတဲ့ သူတွေ အတွက် အကွက်ကောင်း ဖြစ်လာပါတယ်။ ရွေးချယ်နိုင်စရာ များလာတယ်၊ ဈေးနှုန်း ဆစ်လို့ ရမယ်၊ ပုံမှန်ထက် ဆန်းသစ်တဲ့ အရောင် စီးနင်းနိုင်မှာပါ။ နောက်တစ်ချက် ပြောစရာ ရှိတာက Noteတွေရဲ့ Autoစနစ်က မောင်းနှင်ရာ လွယ်ကူတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အသားကျဖို့တော့ နည်းနည်း လိုချင်ပါတယ်။
မိန်းကလေးတွေ မောင်းနှင်လို့ အဆင်ပြေလောက်အောင် ဂီယာချက် အပိုင်းက ကောင်းမွန်တယ်၊ အင်ဂျင်ပိုင်းက အထွက်၊ အရုန်း ညင်သာတယ်။ Noteအများစုကတော့ အမျိုးသမီးနဲ့ သက်ကြီးပိုင်းတွေ အစီးများပြီးတော့ ညာမောင်း အနေအထားနဲ့ လာပါတယ်။ Gasolineနဲ့ သွားပြီးတော့ တပ်ဆင် ပစ္စည်းတွေက မော်ဒယ်မြင့်လည်း ဖြစ်၊ ဂျပန်မော်ဒယ်လည်း ဖြစ်၊ Nissanလည်း ဖြစ်၊ ပြည်တွင်းမှာလည်း အစီးများတာကြောင့် အပြည့်အစုံ ထည့်ထားပါတယ်။
တကယ်လို့ ဖျော်ဖြေရေးစနစ်လို အပိုင်းက အစ စိတ်ကြိုက် မဖြစ်ဘူး ဆိုရင်လည်း ဈေးချိုချိုနဲ့ လွယ်လွယ် လဲလှယ်နိုင်မှာပါ။ TVလို အခြေခံ အပိုင်းတွေကတော့ ပါရှိပြီး ဖြစ်သလို ဆေးသားနဲ့ အတွင်းခန်း အပြင် အဆင်တွေက Brand Newလိုပါပဲ။ ဈေးကွက်မှာတော့ ၂၀၁၄ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်တွေ ဆိုရင် သိန်း ၁၆၅လောက် ခေါ်တာ တွေ့ရပြီး ဒါက လူကြိုက်နည်း အရောင်အတွက် ဈေးပါ။ တကယ်လို့ အဖြူ၊ အနက်လို အရောင်တွေ ဆိုရင်တော့ နည်းနည်း ဈေးမာချင်တာ တွေ့ရပေမယ့် အထက်မှာ ပြောခဲ့ပြီးသလို အရောင် တစ်ခုတည်းနဲ့ မော်ဒယ်က ထူးမလာပါဘူး၊ တကယ်က ဈေးချိုပြီး မော်ဒယ်ကောင်း တစ်ခု ပိုင်ဆိုင်နိုင်ဖို့ အဓိကပါလို့ပဲ အားပေးချင်ပါတယ်နော်။
Image Credit: www.autoworld.com