ရန်ကုန်မြို့မှာ စားလို့ကောင်းတဲ့ Street Food တော်တော်များများဆို သိတဲ့သူလည်း ရှိသလို မသိတဲ့ သူတွေလည်း ရှိပါတယ်။
ဒီတပတ်မှာတော့ Foodie Myanmar Guide ကနေ တဆင့် ဧရာဝတီက ဖော်ပြပေးမယ့် ဆိုင်တွေကတော့ “သိသူဖော်စား မသိသူကျော်သွား” ဆိုသလို ရန်ကုန်မြို့တွင်းတခွင်မှ သွားရည်ကျဖွယ် စားလို့ကောင်းတဲ့ နာမည်ကြီး သက်တမ်းရင့် ဆိုင် (၅) ဆိုင် ဖြစ်ပါတယ်။
၁။ နိဂြောဓ ပုဇွန်ကွက်ကြော်
ကျောက်မြောင်း နိဂြောဓလမ်းမှ ပုဇွန်ကွက်ကြော် ဆိုင်လေးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ်ကတည်းက စတင် ဖွင့်လှစ်ခဲ့တာပါ။ သူ့ရဲ့ ပုဇွန်ကွက်ကြော်က အထူးနာမည်ကြီးတာကြောင့် တခြား မြို့နယ်တွေမှာ နေထိုင်သူတွေပါ မကျန် လာရောက်စားသုံးကြတဲ့ ဆိုင်လေးဖြစ်ပါတယ်။ ကြာဆံနဲ့ ပုဇွန်ကို မုန့်နှစ်နဲ့ ရောကြော်ပြီး တခြား ခေါက်ဆွဲနဲ့ ကြာဆံသုတ်တို့မှာလည်း ပြန်လည်ရောမွှေ ထည့်သုပ်ထားတာကြောင့် တမူ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။
ဝက်သားလိတ်ကိုလည်း မှာယူရရှိနိုင်ပြီး သန့်ရှင်းမှုနဲ့ ဈေးနှုန်းက ပြောစရာမလိုပါ။ အရင်က Car Parking အခက်အခဲရှိပေမယ့် အခုတော့ ဆိုင်နေရာ အနည်းငယ်ရွှေ့ပြီး တိုးချဲ့လိုက်တာကြောင့် စားရတာ ပိုအဆင်ပြေတယ်လို့ သိရပါတယ်။
လိပ်စာ – နိဂြောဓလမ်း နှင့် ဘယသဒ္ဓိလမ်းထိပ်၊ ကျားကွက်သစ်၊ ကျောက်မြောင်း။
၂။ ဒေါ်ချွန်း ကော်ပြန့်လိတ်
လမ်းမတော်၊ ရွှေတောင်တန်းလမ်းထဲက “ဒေါ်ချွန်း ကော်ပြန့်လိတ်” ဆိုရင် အနီးနား ပတ်ဝန်းကျင်မှာ မသိတဲ့သူ မရှိပါဘူး။ အဲဒီဆိုင်မှာ လာရောက်စားသုံးသူတွေကို ဆွဲဆောင်မှု ပေးနိုင်တာကတော့ အရသာ အပြင် အစားအစာ နာမည်များ ဖြစ်ပါတယ်။ ဂဏန်းကော်ပြန့်ကို သချၤာကော်ပြန့်၊ ကြက်သားကော်ပြန့်ကို ကတော်ကော်ပြန့် လက်ဘက်ရည်ကို အီကွေတာ စသဖြင့် အပျော်အနေနဲ့ ပေးထားတဲ့ နာမည်ပြောင်များက စားသုံးသူများကို စွဲဆောင်ထားပါတယ်။
လိပ်စာ – ရွှေတောင်တန်းလမ်း၊ လမ်းမတော်မြို့နယ်။
၃။ လသာ ကြေးအိုး
ဆိုင်နာမည်က လသာ ကြေးအိုးပါ၊ ဆိုင်းဘုတ် မရှိပါဘူး။ ရန်ကုန်မြို့၊ လသာလမ်းမ အပေါ်ဘလောက်မှာ ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ ကမ္ဘောဇဘဏ် ရှေ့မှာ ဖွင့်ပါတယ်။ မြူစွမ်ကြေးအိုး၊ ကြာဇံကြေးအိုး၊ ကြေးအိုးဆီချက် တို့ကိုသာ ရောင်းချပါတယ်။
သူ့ရဲ့ ကြေးအိုးဟာ တခြားကြေးအိုး အရသာများနဲ့ အနည်းငယ် ကွာခြားပြီး ဆေးသကြား အသုံးမပြုခြင်း၊ အချိုမှုန့် မပါလိုပါက မထည့်ဘဲ စားသုံးသူများ ရှေ့တွင်ပင် ချက်ပြုတ်ပေးပါတယ်။ အသားလုံးများမှာလည်း ကိုယ်တိုင်လုပ် ဖြစ်ပြီး တခြား ကြေးအိုးဆိုင်တွေထက် နူးညံ့ပြီး အရသာရှိပါတယ်။ မုန့်ညှင်းရွက်များများ နှင့် ထည့်ပြုတ်ပြီး ထူးခြားချက်ကတော့ အဲဒီ ကြေးအိုးစားပြီးရင် ရေငတ်ခြင်း သိပ်မရှိပါဘူး။
လိပ်စာ – လသာလမ်း၊ ကမ္ဘောဇဘဏ် ရှေ့။
၄။ ဒေါ်ယုံ ကြာဇံချက်
ယခင် ကျောက်မြောင်း စာပေလောက အဟောင်းရှေ့၊ ကျားကွက်သစ်မှာ ညနေပိုင်း စဖွင့်ပါတယ်။ ကြက်ရိုးနဲ့ ချက်ပြုတ်ထားပြီး အရသာက လေးလေးပင်ပင် ရှိတာကြောင့် ကြာဇံချက် ကြိုက်သူတွေနဲ့ တခြား အပူအစပ် စားသူများအတွက် အထူးသင့်လျော်ပါတယ်။ ကြာဇံချက်ကို လိုက်ဖက်တဲ့ အတွဲအစပ်အဖြစ် စားသုံးဖို့ ချဉ်ချဉ်စပ်စပ် ရှောက်သီးသုပ်ကိုလည်း ရောင်းချပေးပါတယ်။ စားသုံးသူများပြားပြီး နေရာ မလောက်ခြင်းကြောင့် အခုအခါ အဲဒီလမ်းပေါ်မှာပဲ အရင်ဆိုင်နဲ့ မလှမ်းမကမ်းမှာ နေရာတိုးချဲ့ပြီး ပြောင်းရွှေ့ ဖွင့်လှစ်ထားပါတယ်။
လိပ်စာ – သတိပဌာန် နှင့် ဣစ္ဆာသရလမ်း အကြား၊ ကျောက်မြောင်း၊ တာမွေ။
၅။ လမ်းမတော် ၉ လမ်း ကက်ကြေးကိုက်
၁၉၉၆ ခုနှစ်မှ စတင် ဖွင့်လှစ်ပြီး အခုဆိုလျှင် ဖွင့်တာ နှစ်ပေါင်း ၂၀ သက်တမ်းရှိပြီ ဖြစ်ပါတယ်။ ကက်ကြေးကိုက်ကို ချဉ်စပ်၊ ရိုးရိုး အစပ်၊ အချို စသဖြင့် အသားအဖြစ် ကြက်၊ ဝက်၊ ပင်လယ်စာ စသဖြင့် မိမိကြိုက်နှစ်သက်ရာ မှာနိုင်ပါတယ်။
လူ အယောက် ၄၀ ခန့် တပြိုင်တည်း စားသုံးနိုင်ပြီး ညနေ ၃ နာရီခွဲမှ ည ၉ နာရီခွဲ အထိ ပုံမှန် ဖွင့်လှစ် ရောင်းချလျက် ရှိပါတယ်။ ရုံးဆင်းချိန်နဲ့ ညစာစားချိန်တွေမှာ ဆိုင်လုံးပြည့် စားသုံးသူများနှင့် အမြဲပြည့် နေတတ်သောကြောင့် နေရာရရန် ကြိုတင် သွားရောက်ဖို့ကို တိုက်တွန်းပါတယ်။ အခုအခါ ဆိုင်ခွဲအဖြစ် လှည်းတန်းစင်တာ Food Village မှာ 9th Street ကက်ကြေးကိုက် နာမည်နဲ့ ဖွင့်လှစ်ထားပါတယ်။ လှည်းတန်းဆိုင်မှာတော့ ကက်ကြေးကိုက် တမျိုးတည်းမကဘဲ မာလာ ဟော့ပေါ့နဲ့ အသားကင်သုတ် တို့ပါ ရရှိနိုင်ပါတယ်။
လိပ်စာ – ၉ လမ်းထိပ်၊ ရွှေပုဇွန် မျက်နှာခြင်းဆိုင်၊ အနော်ရထာလမ်းမပေါ်၊ လမ်းမတော်မြို့နယ်။
အခု ဖော်ပြပေးလိုက်တဲ့ ဆိုင်တွေကတော့ အနည်းဆုံး ၁၀ နှစ်၊ နှစ် ၂၀ ကျော် သက်တမ်း ရှိပြီး စားလို့ကောင်းကာ လူတန်းစား မရွေးစားနိုင်တဲ့ လမ်းဘေးဆိုင်လေးများ ဖြစ်ပါတယ်။ လသာ ကြေးအိုးဆိုင်ကလွဲပြီး တခြားဆိုင်တွေကတော့ ဆိုင်အတည်တကျနဲ့ ဖွင့်လှစ်နေပါပြီ။