ပန်းချီ နန္ဒကြယ်စင်ရဲ့ Colour Field လို့ အမည်ပေးထားတဲ့ ဒြပ်မဲ့ပန်းချီ တကိုယ်တော်ပြပွဲကို မတ် ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့ အထိ၊ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၁၇ ရှိ အလှသစ် အနုပညာပြခန်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒြပ်မဲ့ပန်းချီကားပေါင်း ၄၀ ကျော် ပြသမယ့် ယင်းပြပွဲအတွက် ၂၀၁၅ ခုနှစ်ကတည်းက ပြင်ဆင်ခဲ့တယ်လို့ တောင်ကြီးမြို့ ဇာတိသား ပန်းချီ နန္ဒကြယ်စင်က ပြောပြပါတယ်။ ပန်းချီကားတွေထဲမှာ ရုပ်ပုံတွေ၊ ပုံသဏ္ဌာန်တွေ မပါဘဲ အရောင်တွေသာ ပါဝင်တဲ့ ပန်းချီကား အများစု ဖြစ်တာကြောင့် ‘Colour Field’ လို့ ရိုးရိုးလေးပဲ အမည်ပေးခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
သူက ဒြပ်မဲ့ပန်းချီကားတွေ ရေးဆွဲဖြစ်တဲ့ အကြောင်း ပတ်သက်ပြီးတော့လည်း “ရုပ်ပုံတွေထက် အရောင်တွေကို ပိုပြီး သဘောကျလို့ အရောင်နဲ့ ဖန်တီးယူတဲ့ ပန်းချီကားတွေ ရေးဆွဲဖြစ်တာပါ။ လက်ခံအားပေးမှုတို့၊ ဝယ်ယူအားပေးမှုတို့ ဆိုတာတွေကို ကျနော် မစဉ်းစားပါဘူး။ အဲဒါတွေ စဉ်းစားနေရင်လည်း ဒီလို ဒြပ်မဲ့ပန်းချီကားတွေ ရေးဆွဲဖို့ ဖြစ်နိုင်မယ် မထင်ဘူးခင်ဗျ။ ဒြပ်မဲ့ ပန်းချီက အပြင်ပိုင်း/အမြင်ကို အခြေမခံဘဲ စိတ်တွင်းပိုင်းကို အခြေခံတယ်လို့ ပြောနိုင်ပါတယ်” လို့ ဆိုပါတယ်။
သူ့ရဲ့ ပန်းချီကားတွေက တောက်ပအားကောင်းတဲ့ အရောင်တွေ သုံးစွဲပြီး ဖန်တီးရေးဆွဲထားတဲ့ (Colour Expressive) ဒြပ်မဲ့ပန်းချီကား (Abstract Paintings) တွေဖြစ်ပါတယ်။ သူလေးစား အားကျတဲ့ မြန်မာပန်းချီဆရာတွေ ကတော့ ဆရာ ဦးခင်မောင်ရင်နဲ့ ဆရာ ဦးဝင်းဖေတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
၁၉၇၇ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်ဖွား ပန်းချီနန္ဒကြယ်စင်ဟာ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၄ ခုနှစ် အထိ စင်ကာပူနိုင်ငံမှာ Product Engineering (Design) ဘာသာရပ် သင်ယူခဲ့ပါတယ်။ အဲဒီကာလ ကတည်းက မော်ဒန်ပန်းချီ ဖန်တီးမှုကို လေ့လာခဲ့ပါတယ်။ သို့ပေမယ့် ပန်းချီကို တကယ်တမ်း တစိုက်မတ်မတ် ရေးဆွဲဖြစ်တာက ၂၀၁၅ ခုနှစ်မှာပါ။
နန္ဒကြယ်စင်ဟာ ပန်းချီကို သီးခြားသီးသန့် လေ့လာသင်ယူခဲ့တာ မရှိပေမယ့် ပန်းချီနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ဒီဇိုင်းနဲ့ ဆက်စပ်နေတဲ့ ပန်းချီဖန်တီးမှုတွေ လေ့လာရင်းနဲ့ ပန်းချီကို အာရုံစိုက် ရေးဆွဲဖြစ်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။