ငယ်ရွယ်စဉ်ထဲက ပြိုင်ပွဲတွေမှ အောင်မြင်မှုတွေရခဲ့ပြီး အလှမယ် ပြိုင်ပွဲပေါင်း ၉ ပွဲထိပြိုင်ဖူးတဲ့ အလှမယ် ဟန်သီဟာ Miss Supernational Asia & Ocean ဆုကို ရရှိပြီးကတည်းက အနုပညာဝမ်းစာအတွက် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ New York Film Academy မှာ Acting ဘာသာရပ်ကို လေ့လာသင်ယူခဲ့ပါတယ်။
မကြာသေးမီကမှ သူမရဲ့ Acting ဘာသာရပ်မှာ ကျောင်းကြော်ငြာ ရိုက်ကူးဖို့အတွက် ရွေးချယ်ခံရပါတယ်။ ဒါဟာ နိုင်ငံတကာကျောင်းသားပေါင်း ၂၀၀ ကျော်ထဲက မြန်မာပြည်ရဲ့ပထမဆုံးကျောင်းသူအဖြစ်နဲ့ ရွေးချယ်ခံရခြင်းလည်းဖြစ်ပါတယ်။
“ကျောင်းကနေပြီးတော့ ဟန်သီကိုဆက်သွယ်လာတာပါ။ ကျောင်းကြော်ငြာအတွက် ရိုက်ကူးပေးဖို့ အဆင်ပြေမလားပေါ့နော်၊ ဟန်သီလဲ အံ့သြဝမ်းသာမိပါတယ်။ လူတွေအများကြီးထဲကမှ ဟန်သီကို ရွေးပြီး ကမ်းလှမ်းတာဆိုတော့၊ ဟန်သီအရမ်းလဲပျော်ပါတယ်” လို့ ကြော်ငြာရိုက်ကူးဖို့ကမ်းလှမ်းခံရတဲ့အပေါ် သူ့ခံစားချက်ကိုပြောပါတယ်။
ကျောင်းသားပေါင်း ၂၀၀ ကျော်ထဲကမှ ဟန်သီကို ဘာကြောင့်ရွေးချယ်ခဲ့သလဲဆိုတဲ့အပေါ် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမတွေက သူ ၃ ခါဖြေဆိုခဲ့တဲ့ စာမေးပွဲရလဒ်တွေ၊ ကြိုးစားမှုတွေနဲ့ တိုးတက်မှုတွေကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်တယ်လို့ ဟန်သီက ရှင်းပြပါတယ်။
အဲ့ဒီကြော်ငြာရိုက်ကွင်းရဲ့ ရိုက်ကူးမှုနဲ့ ပတ်သက်လို့ “ဟန်သီကတော့ အရမ်းပျော်ပါတယ်။ ဒီလိုရိုက်ကွင်းမျိုး ဆိုတာ ရိုက်ချင်တိုင်းလဲရိုက်လို့မရဘူးလေ။ ဟန်သီအတွက်ကတော့ အကုန်လုံးက အတွေ့အကြုံကောင်း တွေပါပဲ။ ရိုက်ကွင်းစရောက်တော့ ပထမဆုံး ဘာဝတ်မယ်၊ ဘယ်လို Mood ထားပြီး ရိုက်မယ်၊ ဘယ်လို အနေအထား ရိုက်မယ်ဆိုတာ စပြောတာပါ၊ ပြီးမှ ဆံပင်နဲ့ မိတ်ကပ်ကို မိတ်ကပ်ဆရာတွေနဲ့ သေသေ ချာချာလေး ပြင်ဆင်ပြီး ဓာတ်ပုံစရိုက်ဖို့ လွှတ်တာပါ။ ဓာတ်ပုံဆရာကလည်း ဒီက နာမည်ကြီး ဓာတ်ပုံဆရာပါပဲ၊ ကင်မရာကအစပေါ့နော် သေချာပြင်ဆင်ပြီး ရိုက်တယ်။ သူတို့ဆီမှာတခုကောင်းတာက ရိုက်ကွင်းမှာ လူအယောက် ၅၀ ကျော်က စရိုက်ပြီဆိုတာနဲ့ အကုန်လုံးကငြိမ်ပြီးတော့ ရိုက်ကွင်းထဲကိုပဲ အာရုံထည့်ပြီးရိုက်တယ်။ အခက်အခဲလဲဘာမှမရှိခဲ့ပါဘူး။ ရိုက်ကွင်းအပေါ်ကို ဟန်သီလဲအားရတယ်။ ဒီလိုမျိုး location က အစ အသေးစိတ်ရွေးပြီး သေချာလေးရိုက်တာဆိုတော့ ကျေနပ်အားရပါတယ်။ ဂုဏ်လဲယူပါတယ်ရှင့်။” လို့ ရိုက်ကွင်းအတွေ့အကြုံအား ဧရာဝတီကိုပြောပြခဲ့ပါတယ်။
New York ကိုမသွားခင် ဟန်သီ သီဆိုခဲ့တဲ့ “ဖုန်းလေးကိုင်ပါဦးကွယ်” သီချင်းကို New York မှာပဲ MTV အဖြစ် ရိုက်ကူးခဲ့တယ်လို့လည်း သိရပါတယ်။ ဒီလို ရိုက်ကူးခဲ့ရခြင်းကလည်း သူ့ရဲ့ ပရိတ်သတ်တွေအနေနဲ့ New York ကို ရောက်သွားသလို ခံစားမှုမျိုး ရသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါလို့ ဟန်သီကဆိုပါတယ်။
သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်လို့ အခုအချိန်မှာ စာကိုပဲ အဓိကထားနေရတာဖြစ်တဲ့အတွက် အဲ့ဒီအကြောင်းတွေဘက်ကို မလှည့်နိုင်သေးကြောင်း သူ့မှာ လက်ရှိ ဘယ်သူမှမရှိသေးကြောင်းနှင့် သူရွေးချယ်စဉ်းစားမယ့် ယောကျာ်လေးပုံစံကတော့ ရုပ်ချောစရာမလိုဘဲ သူ့ရဲ့ အနုပညာအလုပ်တွေကို နားလည်ပေးနိုင်မယ့်လူမျိုးဆိုရင် အဆင်ပြေပါတယ်လို့ သူကဆိုပါတယ်။
မြန်မာပြည်ပြန်လာရင်သူပထမဆုံးလုပ်ချင်တာက “လေယာဉ်ကွင်းမှာ ဟန်သီ ပရိသက်တွေနဲ့ တွေ့ချင်ပါတယ်။ အဲ့အတွက်ကိုလဲ ဟန်သီ မေမေက စီစဉ်ပေးမယ်ပြောပါတယ်။ ပြီးရင်တော့ ဟန်သီ ရန်ကုန်မှာ သင်လာတဲ့ ပညာတွေနဲ့ မဂ္ဂဇင်းဓာတ်ပုံတွေ၊ ရုပ်ရှင်တွေလဲ အများကြီး ရိုက်ချင်ပါတယ်။ အတွေ့အကြုံများလာပြီး ဟန်သီအတွက် အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဟောလီးဝုဒ်မှာ ရုပ်ရှင် ရိုက်ကူးချင်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။