တနှစ်တခါမှသာ ဆင်နွှဲရတဲ့ သင်္ကြန်ပွဲတော်ကြီးနဲ့ပတ်သက်လို့ သူ့ရဲ့ အနုပညာအငွေ့အသက်တွေကို ရုပ်ရှင် ဇာတ်ကား မပြောနဲ့ ဗီဒီယိုဇာတ်ကားတကားအဖြစ် ပြန်လည်ဖန်တီးပြီး တနှစ်တခါ ပေါ်ထွက်လာဖို့ရန် မလွယ်သလောက်ရှားပါးလာတာ ဆယ်စုနှစ်တစုစာလောက်လို့တောင် ပြောလို့ရနေပါပြီ။ ယခင်က အောင်မြင်ကျော်ကြားခဲ့တဲ့ သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကြီးအပြီး နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ အနည်းငယ် ပေါ်ထွက်ခဲ့ဖူးပေမယ့် အဲ့ဒီနောက်မှာတော့ မရှိသလောက် ရှားပါးလာပါတော့တယ်။ နောက်ပိုင်း နှစ်စဉ် သင်္ကြန်နားနီးလာရင် သင်္ကြန်နဲ့ပတ်သက်တဲ့ ဗီဒီယိုဇာတ်ကား တကားစ နှစ်ကားစ ပေါ်ထွက်လာခဲ့ပေမယ့် ထူးထူးခြားခြားရယ်လို့ မရှိသလောက်ပါပဲ။
ကဲ ဒီ ၂၀၁၆ သင်္ကြန်ကိုတော့ ထူးထူးခြားခြား “သင်္ကြန်ပြတိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးက ဆီးကြိုလို့ နေပါပြီ။
သရုပ်ဆောင်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ ခင်ဝင့်ဝါနှင့် နန်းဆုဦးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “သင်္ကြန်ပြတိုက်” ရုပ်ရှင်ကားကြီးကို မကြာမီ ရုံတင်ပြသတော့မှာပါ။ ဒီ ရုပ်ရှင်ကားကြီး အထူး ပြသပွဲကိုတော့ မတ်လ ၁၇ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့တာဖြစ်ပြီး ဇာတ်ကားမှာ ပါဝင်ထားကြတဲ့ သရုပ်ဆောင်များကိုယ်တိုင် တက်ရောက်ခဲ့ကြပါတယ်။
ဒီသင်္ကြန်ရုပ်ရှင်ဇာတ်ကားကြီးဟာ စိုင်းစိုင်းအနေနဲ့ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ကျန်တဲ့ မင်းသမီးနှစ်ဦးဖြစ်တဲ့ နန်းဆုဦးနဲ့ ခင်ဝင့်ဝါတို့ကတော့ သူတို့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။
ဇာတ်လမ်းသဘောကတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ သူငယ်ချင်းတစု သင်္ကြန်မဏ္ဍပ်ထိုးတာနဲ့ ပတ်သက်ပြီး တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဟာသနှောပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
ထူးခြားတာက ဒီဇာတ်ကားကြီးကို ရိုက်ကူးခဲ့စဉ်က စိုင်းစိုင်းခမ်းလှိုင်နဲ့ ခင်ဝင့်ဝါတို့ နှစ်ယောက်တွဲ ဓာတ်ပုံတွေ အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့ပြီး သူတို့နှစ်ယောက်တွဲခုတ်နေကြပါတယ်ဆိုတဲ့ ကောလဟလ သတင်းတွေလည်း ပေါ်ထွက်ခဲ့ဖူးပါတယ်။
“အဲဒီတုန်းက ကျနော်တို့ ဇာတ်ဝင်ခန်းရိုက်ကူးခဲ့တာပါ။ မဏ္ဍပ်ပေါ်မှာ ကျနော်နဲ့ခင်ဝင့်ဝါ နဲ့ ပုံတက် လာတာကို ပရိတ်သတ်တွေက အထင်လွဲခဲ့တာပါ။ အဲဒီအတွက် ကျနော် အွန်လိုင်းမှာ ချက်ချင်း ဖြေရှင်းခဲ့ပါတယ်။ ဒါ ရိုက်ကွင်းတုန်းက ပုံဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်ကို ဧရာဝတီကိုပြောပါတယ်။
ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် နန်းဆုဦးက သူ့အနေနဲ့ ဒါဟာ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးဖြစ်တဲ့အတွက် အကောင်းဆုံးသရုပ်ဆောင်ခဲ့ကာ ပရိတ်သတ်တွေ အားရကျေနပ်မှု မရှိမှာ ကိုပဲ စိုးရိမ်မိကြောင်းနဲ့ မင်းသမီးနှစ်လက်အပြိုင်ဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံး ကြိုးစားထားကြောင်း ဧရာဝတီကိုပြောပြသွားပါတယ်။
ဒီ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသူကတော့ ဒါရိုက်တာ မောင်မျိုးမင်း( ရင်တွင်းဖြစ်) ဖြစ်ပြီး ဇာတ်လမ်းကတော့ မင်းခိုက်စိုးစံနဲ့ ထက်မြတ်နိုင်ဇင်တို့ပဲ ဖြစ်ပါတယ်။ သင်္ကြန်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်ဖွယ်ရာ ရိုက်ကူးထားတာဖြစ်လို့ လူငယ်ပရိတ်သတ်တွေ နှစ်ခြိုက်ကြဦးမယ့် သင်္ကြန်ရုပ်ရှင်ကားကြီး သင်္ကြန်ပြတိုက် ဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားကိုတော့ မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။