လာမယ့်၂၀၁၆ ခုနှစ် မတ်လ၂၇ ရက်နေ့တွင် ရန်ကုန်မြို့MICT Park (တက္ကသိုလ်များလှိုင်နယ်မြေ)တွင် ဟိုတယ်နဲ့စားသောက်ဆိုင်လုပ်ငန်းခွင်ဆိုင်ရာ သီးသန့်အလုပ်အကိုင်ပြပွဲတခုကို work.com.mm အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးမှ ဦးဆောင်ပြီး ကျင်းပသွားမယ်လို့ သိရပါတယ်။
ဒီအလုပ်အကိုင်ပြပွဲကို ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းကြီးများအတွက် လိုအပ်လျှက်ရှိတဲ့ အရည်အချင်းမီ ဝန်ထမ်းတွေ ရရှိနိုင်ဖို့ရည်ရွယ်ပြီးတော့ ကျင်းပပေးသွားမှာဖြစ်ပါတယ်။ ဒီပြပွဲကို Hilton Naypyitaw မှ Main Sponsor အဖြစ် အဓိကပါဝင်ကူညီပံံပိုးပေးထားပြီး Max Hotel Group , Hotel Amara နှင့် Chatrium အစရှိတဲ့ ဟိုတယ်လုပ်ငန်းစုများနှင့်တကွ အခြားသော ဟိုတယ်လုပ်ငန်းကြီး ၁၀ ခုကျော်မှလည်း ဝန်ထမ်းများ ခေါ်ယူသွားမယ်လို့ သိရပါတယ်။
Work.com.mm ရဲ့ဒုတိယအကြိမ်မြောက် အလုပ်အကိုင်ပြပွဲကြီးကို ပြီးခဲ့တဲ့၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် နေ့ နှင့် ၁၇ ရက်နေ့များက ကျင်းပပြုလုပ်ခဲ့ပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၃၀ ကျော်မှ ဝန်ထမ်းများခေါ်ယူ ခဲ့ကြရာတွင် ပြပွဲသို့တက်ရောက်သူ တစ်သောင်းခုနှစ်ထောင်ကျော်ရှိခဲ့ကာ ဝန်ထမ်းခန့်အပ်နိုင်မှု သုံးထောင် ကျော်ရှိခဲ့ကြောင်းသိရပါတယ်။ ဒီလိုအလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးအပ်နိုင်ရန်အတွက် work. com.mm ဝက်ဘ်ဆိုဒ်မှ သက်ဆိုင်ရာလုပ်ငန်းအမျိုးအစားအလိုက်နဲ့ ရာသီအလိုက် သီးသန့် အလုပ်အကိုင် ပြပွဲများ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် နယ်ပယ်စုံလုပ်ငန်းစုံမှ အလုပ်ရှာဖွေသူများ အဆင်ပြေစေရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း လည်း work.com.mm မှ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး မန်နေဂျာ မဇင်မာသက်မွန်က ပြောပါတယ်။
“အခုလို သီးသန့်အလုပ်အကိုင်ပြပွဲတွေ လုပ်ပေးတော့ ကျွန်တော်တို့လို Hotel Life က လူတွေ ဟိုတယ်လုပ်ငန်းဆိုင်ရာ သီးသန့်အခွင့်အလမ်းတွေရှာဖွေနေတဲ့သူတွေအတွက် ကောင်းသွားတာပေါ့။
အဲဒီလိုမှမဟုတ်ရင် အလုပ်အကိုင်ပြပွဲတွေသွားတိုင်း ကိုယ်နဲ့ဆိုင်တဲ့ လုပ်ငန်းမပါလို့ ကိုယ်စိတ်ဝင်စားတဲ့ ကုမ္ပဏီမပါလို့ လူတွေအရမ်းများလို့စတဲ့ အခက်အခဲတွေတော့ နည်းနည်းလျော့သွားတာပေါ့။ နောက်ပိုင်း မှာလည်း အဲလိုလုပ်ပေးဖို့မျှော်လင့်ပါတယ်”လို့ ဟိုတယ်လုပ်ငန်းနှင့် အသက်မွေးနေသူ ကိုသူရိန်အောင်က ပြောပါတယ်။
ဒီအလုပ် ဝက်ဘ်ဆိုဒ်မှတဆင့် ဟိုတယ်လုပ်ငန်းခွင်နှင့်ဆိုင်သောအလုပ်လျှောက်ထားရန် လျှောက်လွှာ တင်ထားသူ ပေါင်းခုနှစ်ထောင်ဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။
လုပ်ငန်းရှင်များဘက်မှလည်း online မှာသာမက ပြင်ပမှာပါ သက်ဆိုင်ရာ လုပ်ငန်းခွင်အသီးသီးအတွက် လိုအပ်တဲ့ ဝန်ထမ်းတွေခေါ်ယူနိုင်ရန် ရည်ရွယ်ပြီး ဟိုတယ်နှင့်အသက်မွေးမှုသင်တန်းကျောင်းများနှင့် ချိတ်ဆက်ကာ ဒီပြပွဲကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။