မြန်မာ့ဈေးကွက်မှာ Vauxhallရဲ့ မော်ဒယ် ဆိုရင် Merivaနဲ့ Corsa တို့လို အိမ်စီး မော်ဒယ် တချို့ကိုပဲ တွေ့နိုင် တယ် ဆိုပေမယ့် အင်္ဂလန် အခြေစိုက် ကုမ္ဗဏီရဲ့ အရည်အသွေးမြင့် မော်ဒယ်တွေက Usedကား ဈေးကွက်မှာ နေရာ တခု ယူလာပါတယ် ။ ဒါပေမယ့်လည်း လူတိုင်းကြိုက်တာမျိုးမဟုတ်ဘဲ ငွေကြေးတတ်နိုင်သူ လူတန်းစား တချို့ရဲ့ ကြိုက်နှစ်သက်မှုကြောင့်သာ မြန်မာ့ဈေးကွက်ထဲကို ရောက်လာတာဖြစ်ပါတယ်။ VXRဆိုတာကတော့ Corsa မော်ဒယ်ကို စွမ်းဆောင်ရည် မြင့်းမားအောင် ဖန်တီးပြီး Miniလို မော်ဒယ်တွေကို ဈေးကွက် ပြိုင်ဆိုင်ဖို့ ပြင်ဆင် ထားတာလည်း ဖြစ်ပါတယ်။
မော်ဒယ်ရဲ့ အားသာချက် အနေနဲ့ တခြား ဈေးကွက်ဝင် တန်းတူ မော်ဒယ်တွေထဲမှာပါ VXRက တန်ကြေးပိုင်းမှာ ချိုသာပြီး ဒေါ်လာ ထောင်ချီပြီး ကွာဟတာလည်း ဖြစ်ပါတယ်။ လက်ကိုင်ပိုင်း၊ စွမ်းဆောင်ရည်၊ တည်ငြိမ်မှု၊ ဘရိတ်၊ ဆူညံသံပေးမှု စတာတွေ အားလုံး ထိပ်ဆန်း အဆင့်ရှိပါတယ်။
ဒါပေမယ့် မြို့တွင်းလို ပုံမှန် လမ်းကြောင်းတွေမှာတော့ အဓိက ပြိုင်ဖက် Miniထက် အားနည်း တာ တွေ့ရပြီး လက်ကိုင်နဲ့ ဘရိတ်ပိုင်းတွေမှာ နောက်မှာ ကျန်နေခဲ့တဲ့ သဘောကို တွေ့ရပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည် ဦးစားပေးထားတဲ့ VXRက ဆီစားနှုန်းမှာတော့ နည်းနည်းများသွားပြီး Transmission ပိုင်းမှာလည်း ပြိုင်ဖက်တွေက Autoစနစ်နဲ့ ရွေးချယ်နိုင်နေချိန်မှာ VXRကတော့ Manualစနစ်နဲ့ ဖြစ်နေပါတယ်။
မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်ကို ကြည့်မယ် ဆိုရင် ၁ ဒသမ ၆လီတာသုံး Turbocharged စနစ် ပါရှိတဲ့ ဓါတ်ဆီသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ဖြစ်ပြီး အခြေခံ လည်ပတ်အား တစ်မိနစ် အပတ်ရေ ၁၉၀၀ မှာတင် ရုန်းအား ၂၀၇ပေါင်-ပေထိအောင် ရရှိနိုင်မှာဖြစ်သလို စွမ်းအင် ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၂၀၂ကောင် အားပဲ ဖြစ်ပါတယ်။ ဂီယာချက် ၆ချက်ထိအောင် အသုံးပြု မောင်းနှင်နိုင်မှာ ဖြစ်ပြီးတော့ Sport မော်ဒယ် အနေနဲ့ ပြင်ဆင် စီးနင်းချင်တဲ့ လူငယ်တွေ အတွက်တော့ အဆင်ပြေစေမယ့် အနေအထားပါ။
ရုပ်ထွက်နဲ့ ပြင်ဆင်နိုင်မှု အနေအထားမှာတော့ ပြည်တွင်းမှာ လူကြိုက်များနေတဲ့ Sport Sedan တန်းဝင် Mitsubishi Lancer လို မော်ဒယ်ကို ကောင်းကောင်း ယှဉ်နိုင်စွမ်းရှိပြီး စွမ်းဆောင်ရည် အပိုင်းမှာ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုကို ကြည့်မယ် ဆိုရင်တော့ တစ်နာရီ မိုင် ၆၀နှုန်း အတွက် အချိန် ၆ဒသမ ၃စက္ကန့်ထိပဲ ယူမှာ ဖြစ်ပါတယ်။
ဒါတွေကိုကြည့်ရင် မြန်မာ့ဈေးကွက်မှာ VXRက ဘာကြောင့် လူကြိုက်မများတာလဲဆိုတာ သိနိုင်ပါတယ်။ အားသာချက် များတာ မှန်ပေမယ့် ဆီစားနှုန်းလို အရေးကြီး အပိုင်းတွေမှာ အားနည်းနေသေးတာ တစ်ခုက လူကြိုက် နည်းသွား စေနိုင်ပါတယ်။ ဒါပေမယ့် Sportဆန်တဲ့ မော်ဒယ် နည်းနည်း ရှားချင်နေတဲ့ ဈေးကွက် မှာတော့ လက်ရှိမှာ လည်း VXRရဲ့ အောင်မြင်မှုက နေရာ တစ်နေရာ ကောင်းကောင်း ရထားသလို တန်ကြေး ချိုသာမှုက ဈေးကွက် ခိုင်မြဲနေစေသလိုပါ။
မော်ဒယ်ရဲ့ အကြမ်းခံနိုင်ရည်နဲ့ အတူ လုံခြုံစိတ်ချရမှုတွေကြောင့် နိုင်ငံတကာ မှာတော့ VXRကို ကြယ် လေးပွင့်ထိအောင် ရမှတ်ပေးထားတာကြောင့် အမျိုးအစားကောင်းတဲ့ ကားတခုအဖြစ်တော့ သတ်မှတ် နိုင်ပါတယ်။