အပြည်ပြည်ဆိုင်ရာ NGO အဖွဲ့အစည်းတခုဖြစ်တဲ့ Magic Bus Myanmar မှ Dulwich International Schools Foundation (DISF) က ထောက်ပံ့တဲ့ အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ ဖြင့် လှိုင်သာယာနဲ့ သံလျင်မြို့နယ်မှာ ရှိတဲ့ ကလေးတွေကို ကူညီထောက်ပံ့ပေးမယ့် လုပ်ငန်းစီမံချက် အစီအစဉ် စတင်လိုက်ပြီ ဖြစ်ပါတယ်။
အဆိုပါ လှူဒါန်းမှုဟာ Magic Bus Myanmar ရဲ့ Education to Livelihood အစီအစဉ် ၂ နှစ်တာလုပ်ငန်း လည်ပတ်မှုဆိုင်ရာ ကုန်ကျစရိတ်အတွက် ပံ့ပိုးကူညီခြင်းဖြစ်ပြီး ဒီအစီအစဉ်ကနေတဆင့် အခွင့်အလမ်း နည်းပါးပြီး ဆင်းရဲချို့တဲ့နွမ်းပါးတဲ့ ကလေးငယ်တွေရဲ့ဘဝကို ကူညီပေးမှာ ဖြစ်ပါတယ်။ ကလေးငယ် ၂၅၀၀ ကျော်ကို ကူညီပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။
Magic Bus အဖွဲ့အစည်းဟာ အိန္ဒိယနိုင်ငံရဲ့ အနွမ်းပါးဆုံး ကျေးလက်ဒေသတွေနဲ့ မြို့ကြီးပြကြီးတွေမှာရှိတဲ့ ချို့တဲ့နွမ်းပါးသူ ကလေးငယ်တွေကို ကလေးငယ်ပေါင်း ၄ သိန်းကျော်ကို အောင်မြင်စွာ ကူညီဆောင်ရွက် ပေးခဲ့ပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို အောင်မြင်အောင် လုပ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
“ကျနော်တို့ Magic Bus ရဲ့ ရည်ရွယ်ချက်က ကလေးငယ်တွေကို ကလေးဘဝကနေ အသက်မွေးဝမ်းကျောင်း ပြုနိုင်တဲ့ အရွယ်အထိ သူတို့ကို ပြုစုပျိုးထောင်ပေးရင်းနဲ့ ဆင်းရဲတွင်းကနေ ဆွဲထုတ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်တွေအတွက် ရည်ရွယ်ပြီးတော့ လှုပ်ရှားကစားခြင်းပေါ်အခြေခံတဲ့ သင်ရိုး ညွှန်းတမ်းတွေ ရေးဆွဲပြီး ဆရာတွေက သင်ကြားခြင်း နည်းလမ်းကို အသုံးပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ကမ္ဘာလုံးဆိုင်ရာ Magic Bus ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ Mr. Pratik Kumar က ပြောပါတယ်။
သူကဆက်ပြီး “ကျနော်တို့ရဲ့ သင်ရိုးညွှန်းတမ်းက မြန်မာပြည်နဲ့ ကိုက်ညီမှုလည်းရှိ၊ ကုန်ကျမှုလည်း သက်သာပြီး ဒီအစီအစဉ်ရဲ့ အကျိုးသက်ရောက်မှုကို တိုင်းတာမှုတွေ လုပ်သွားမှာ ဖြစ်လို့ လူတွေကို ချို့တဲ့နွမ်းပါးစေတဲ့ ကိစ္စတွေကို ရှာဖွေဖော်ထုတ်ပြီး ကုစားသွားနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။
DISF ဟာ Dulwich College International (DCI) ရဲ့ ပထမဆုံး ပရဟိတ ဖောင်ဒေးရှင်း ဖြစ်ပြီး Pun Hlaing International School (PHIS) နဲ့ British College Yangon (BYC) တို့ရဲ့ ပညာရေးဆိုင်ရာ အကြံပေးအဖြစ် တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။