Lifestyle

ရန်ကုန်ရော နယ်ပါ ကြိုက်နှစ်သက်တဲ့ Toyota Alphard

This article has been converted from Zawgyi One to Unicode

လက်ရှိ ပြည်တွင်း ဈေးကွက်မှာ ဇိမ်ခံတန်းလည်းဝင်နိုင်လောက်အောင် အဆင့်မြင့်၊ ဈေးလည်း သင့်၊ အတွင်းခန်း လည်း ကျယ်ဝန်းပြီး စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ ဖန်တီးထားတာကြောင့် လူကြိုက် အများ ဆုံးလို့ ဆိုနိုင်မယ့် Alphard ဘယ်လို ဆင်းသက်ထွက်ပေါ်လာသလဲဆိုတာ စိတ်ဝင်စားစရာပါ။

Alphardကို တချို့ဈေးကွက်တွေမှာ Vellfireဆိုတဲ့ နာမည်နဲ့လည်း လူသိများပါတယ်။ ၂၀၀၂ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးတော့ သက်တမ်း အနေနဲ့ ၁၄နှစ်ထဲကို ရောက်လာပြီ ဖြစ်ပြီး မျိုးဆက်ပြောင်းလဲ အဆင့်မြှင့် ထုတ်လုပ်မှု တွေလည်း ရှိပါတယ်။

ဂျပန်နိုင်ငံမှာပဲ အများဆုံး တပ်ဆင် ထုတ်လုပ်တာ ဖြစ်ပြီး ကိုယ်ထည်ပိုင်း တည် ဆောက်ပုံ မှာ အဓိက အနေနဲ့ အတွင်းခန်း ထိုင်ခုံ အရေအတွက် အပေါ်မူတည်ပြီး ရွေးချယ် စရာ နှစ်မျိုး ရနိုင်ကာ တစ်မျိုးက ခုနစ်ယောက်စီး မော်ဒယ်နဲ့ နောက်တစ်မျိုးက ရှစ်ယောက်စီး မော်ဒယ်ပဲ ဖြစ်ပါတယ်။ မြန်မာ့ဈေးကွက်မှာတော့ Alphardကို ခေါ်ကြပြီး Gradeအနေနဲ့ ဆိုရင်လည်း သုံးမျိုးပဲ ထွက်ရှိပါတယ်။ အဲဒါတွေကတော့ G, Vနဲ့ Hybrid မော်ဒယ်ခွဲတွေပါ။

ဒါနဲ့ Alphardနဲ့ ပတ်သတ်လို့ တစ်ခု ပြောစရာ ရှိတာက ဒီမော်ဒယ်ကို Toyotaက ဂျပန်မှာပဲ ရောင်းချဖို့ ထုတ်လုပ်ခဲ့တာ နောက်ပိုင်း ဈေးကွက်အောင်မြင်တွေအရ ပြည်ပကို တင်ပို့ရောင်းချလာတာ ဖြစ်ကာ လက်ရှိမှာ ဘာရိန်း၊ ဘင်္ဂလားဒေရှ်၊ ဘီလာရုစ်၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အိုမန်၊ ဖိလစ်ပိုင်၊ ရုရှ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ထိုင်နိုင်ငံတွေထိအောင် ဈေးကွက်တင်နေတာ တွေ့ရပါတယ်။ ပြီးတော့ Alphardကို လေးယောက်စီး မော်ဒယ် အနေနဲ့လည်း ထုတ်လုပ်ဖူးသေးသလို ၂၀၀၆ခုနှစ် အတွင်းက Royal Lounge Alphard မော်ဒယ်ကို မိတ်ဆက်ခဲ့တာ ဖြစ်ပြီး သူက Nissan Elgrandမော်ဒယ်ကို ဈေးကွက်ပြိုင်ဖို့ ဖန်တီးခဲ့တာပါ။

မော်ဒယ်ရဲ့ ပထမ မျိုးဆက်ကိုတော့ ၂၀၀၂ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်း ထုတ်လုပ်ခဲ့ပြီး ဂျပန်ထုတ် ဖြစ်ကာ တံခါးလေးပေါက် ဒါမှမဟုတ် ငါးပေါက်စနစ်တွေ ဖြစ်ပါတယ်။ ဒီမျိုးဆက်မှာ အင်ဂျင်စနစ် နှစ်မျိုး ရွေးချယ်နိုင်ပြီး မြင်းကောင်ရေ ၁၆၀အားထွက်ရှိတဲ့ ၂ ဒသမ ၄လီတာသုံး အင်ဂျင်စနစ်နဲ့ မြင်းကောင်ရေ ၂၂၀အား သုံးနိုင်မယ့် ၃ ဒသမ ဝလီတာသုံး အင်ဂျင်စနစ်တွေပဲ ဖြစ်ပါတယ်။

၂၀၀၂ခုနှစ်ကနေ ၂၀၀၅ခုနှစ်အတွင်း ထုတ်လုပ်တဲ့ မော်ဒယ်တွေမှာတော့ ဂီယာချက်က ၄ချက်ကိုပဲ သုံးနိုင် တာတွေ့ရပြီး Autoနဲ့ သွားပေမယ့် ၂၀၀၅ခုနှစ် နောက်ပိုင်းမှာတော့ ဂီယာချက် ၅ချက်ထိအောင် သုံးလာ နိုင်တာလည်း ဖြစ်ပါတယ်။ မော်ဒယ်ကို ဈေးကွက် စတင် ထုတ်လုပ်ချိန်က Nissan Elgrandမော်ဒယ်နဲ့ Honda Elysion မော်ဒယ်တွေကို ဈေးကွက် ပြိုင်ဖို့ ရည်ရွယ်လာတာ ဖြစ်ပြီး မော်ဒယ်ရဲ့ အားကောင်းမှုက လက်ရှိမှာ Toyotaထုတ်လုပ်သမျှ MPVတွေထဲမှာ ဂျပန်ဈေးကွက်အတွင်း ရောင်းအား အကောင်းဆုံး မော်ဒယ် ဖြစ်လာပါတယ်။

မော်ဒယ်ရဲ့ ဒုတိယ မျိုးဆက်ကိုတော့ ၂၀၀၇ခုနှစ်ကနေ စတင် ထုတ်လုပ်ခဲ့ပြီး ၂၀၀၈ခုနှစ် မော်ဒယ် အနေနဲ့ ဈေးကွက် ဝင်လာပါတယ်။ ဂျပန်နိုင်ငံ၊ အီချီမှာ ရှိတဲ့ Inabeစက်ရုံမှာ တပ်ဆင် ထုတ်လုပ်တာ ဖြစ်ပြီး အင်ဂျင်ပိုင်းမှာ မြင်းကောင်ရေ ၁၆၈ကောင်အားထုတ်ပေးနိုင်မယ့် ၂.၄လီတာသုံး အင်ဂျင်တပ် မော်ဒယ်နဲ့ မြင်းကောင်ရေ ၂၆၆ကောင်ကနေ ၂၇၆ကောင်အားအတွင်း ထုတ်ပေးနိုင်မယ့် ၃.၅လီတာသုံး အင်ဂျင်တွေ ဖြစ်လာပါတယ်။

Transmission ပိုင်းမှာ ၂ ဒသမ ၄လီတာသုံး မော်ဒယ်တွေမှာ ဆိုရင် ဂီယာချက် ၇ချက်သုံးနိုင်မယ့် Super CVT-I စနစ်နဲ့ တွေ့လာရသလို ၃ ဒသမ ၅လီတာသုံး မော်ဒယ်တွေမှာတော့ Autoစနစ်နဲ့ ဂီယာချက် ၆ချက်သုံး မော်ဒယ်တွေ ဖြစ်လာပါတယ်။ ဒုတိယ မျိုးဆက်မှာ အတွင်းခန်းလည်း ပိုမို ကျယ်ဝန်းလာပြီး ကိုယ်ထည် အရွယ် အစားတော့ ထူးပြီး ကြီးမလာခဲ့ပါဘူး။

မော်ဒယ်ရဲ့ တတိယမျိုးဆက်ကတော့ ၂၀၁၅ခုနှစ်မှာ စတယ်လို့ ဆိုရမှာပါ။ ဒီမျိုးဆက်မှာ ထူးခြားလာတာ တစ်ခု ကတော့ ရုန်းအားယူ စနစ်မှာ ရှေ့ဘီးယက်စနစ်နဲ့လည်း ရွေးချယ်နိုင်သလို လေးဘီးယက် မော်ဒယ် အနေနဲ့ပါ ရနိုင်လာတာပဲ ဖြစ်ပါတယ်။

အင်ဂျင် အရွယ်အစား နှစ်မျိုးပဲ ရွေးချယ်နိုင်တာ မှန်ပေမယ့် ၂ ဒသမ ၅လီတာသုံး အင်ဂျင်စနစ် နှစ်မျိုးရနိုင်ပြီး Hydridအင်ဂျင်စနစ်က မြင်းကောင်ရေ ၁၅၀အား ထွက်ရှိမှာ ဖြစ်ကာ ပုံမှန် မော်ဒယ်ကတော့ မြင်းကောင်ရေ ၁၈၀အား သုံးနိုင်ပါလိမ့်မယ်။ ၃.၅လီတာသုံး အင်ဂျင်တပ် မော်ဒယ်မှာတော့ မြင်းကောင်ရေ ၂၇၆ကောင်အား ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ပုံမှန် ၂ ဒသမ ၅လီတာသုံး မော်ဒယ်တွေကတော့ ဂီယာချက် ၇ချက်ကို Super CVT-iစနစ်နဲ့ပဲ သွားပြီး ၃ဒသမ ၅ လီတာသုံး မော်ဒယ်မှာက ဂီယာချက် ၆ချက်သုံး Super ECTစနစ်နဲ့ သွားသလို Hybridမော်ဒယ်မှာတော့ ဂီယာချက် ၆ချက်သုံး CVTစနစ်နဲ့ ဖြစ်ပါတယ်။

နောက်ဆုံးထုတ် Alphardကိုတော့ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၂၆ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး မော်ဒယ်သစ်မှာ လက်ရှိ Toyota Crownတွေက ရှေ့ဖက် လေခွင်းပေါက်နဲ့ ဆင်တူတဲ့ အချက်တွေ ပါရှိနေသလို ကိုယ်ထည်ပိုင်းမှာ အလျား ၆၀မီလီမီတာနဲ့ မျက်နှာစာ အကျယ် ၂၀မီလီမီတာ တိုးထားပြီး အမြင့်မှာပဲ ၁၀ မီလီမီတာ လျော့ထားတာ တွေ့ရပါတယ်။

နောက်ဆုံးထုတ် မော်ဒယ်ရဲ့ အဓိက ပြိုင်ဖက်တွေကတော့ Nissan Elgranနဲ့ Honda Odysseyတွေ ဖြစ်ပါ တယ်။ မော်ဒယ်ရဲ့ ဆီစားနှုန်းတွေကို ကြည့်မယ် ဆိုရင် ပျမ်းမျှ အနေနဲ့ Hybridတွေဆိုရင် ဆီတစ်ဂါလံကို ၄၂မိုင်လောက်ထိအောင် စီးနင်းလာနိုင်တာ တွေ့ရပြီး တခြား မော်ဒယ်တွေကတော့ ကိုယ့်ရဲ့ နည်းပညာ အသုံးချမှု အပေါ်နဲ့ အင်ဂျင် အရွယ်အစားပေါ် မူတည်ပြီး နည်းနည်း ပိုများနိုင်ပါတယ်။

မြန်မာ့ဈေးကွက်မှာတော့ Alphard  က ရန်ကုန်ရော နယ်ပါ အကြိုက်တွေ့ကြပြီး အထူးသဖြင့်တော့ တောရောမြို့ပါ ကြိုက်နှစ်သက်တဲ့ အမျိုးအစားအဖြစ် ဈေးကွက် ခိုင်မာစွာ ရပ်တည်နေပါတယ်။

Loading