မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့အပြောင်းအလဲတရပ်ကို ခံစားရမယ့် နေ့တနေ့ဖြစ်တဲ့ ဧပြီလ ၁ ရက်နေ့မှာ အဆိုတော် ဖြူဖြူကျော်သိန်းကလည်း ပရိသတ်တွေကို အပြောင်းအလဲလေးတခုနဲ့ ဖမ်းစားချင်ပါတယ်တဲ့။
အဲ့ဒါကတော့ Apirl Fool လို့ အမည်ပေးထားတဲ့ တေးသီချင်း ၄ ပုဒ်သာ ပါဝင်မယ့် မီနီတေးအယ်လ်ဘမ်ကို ပရိသတ်တွေဆီ ပို့ဆောင်ပေးတော့မှာပါတဲ့။ အပြောင်းအလဲဆိုလို့ ဘာတွေပြောင်းလဲထားလဲဆိုတော့ သူသီဆိုနေကျပုံစံမျိုးမဟုတ်ဘဲ ဒီ တေးအယ်လ်ဘမ်မှာ ပါဝင်တဲ့ ဂီတအမျိုးအစားတွေကတော့ Electro Music ပုံစံ ခပ်မြူးမြူး သီချင်းလေးပုဒ် ထည့်သွင်းထားခြင်းပါ။
ဒီ တေးစီးရီးကို လာမယ့် ဧပြီ ၁ ရက်နေ့မှာ ဖြန့်ချိပေးမှာဆိုတော့ ဧပြီ ၁ ရက်နေ့ဟာ မြန်မာပြည်ရဲ့ အစိုးရသစ်တက်လာမယ့်နေ့ရက်လည်း ဖြစ်တဲ့အတွက် အဲဒီအပေါ် ခံစားချက် ဘယ်လိုရှိနေလဲလို့ ဖြူဖြူကျော်သိန်းကို ဧရာဝတီက မေးမြန်းတဲ့အခါမှာ “မင်္ဂလာရှိတာပေါ့ရှင့်။ အစကတော့ ဧပြီ ၁ရက်နေ့မှာ ကိုယ့်ရဲ့ ဂီတဖန်တီးမှုတခုပဲ ရှိခဲ့တာလေ။ အခုကျတော့ ပရိသတ်အကုန်လုံးစိတ်ဝင်စားကြတဲ့ ခေါင်းဆောင် သစ်နဲ့ တိုင်းပြည်မှာတက်မှာဆိုတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဖြစ်သွားတယ်။ အရင်ထဲကတော့ ဒီရက်တွေက ကြော်ငြာထားပြီးသားပါ။ ဒါပေမယ့် ကိုယ့်အလုပ်တွေနဲ့ကိုယ်လုပ်နေတဲ့အခါကျတော့ သိပ်ပြီး သတိမထား မိကြဘူး။ အခုကျတော့ ဒီလိုတိုက်တိုက်ဆိုင်ဆိုင်လေး ဖြစ်နေတော့ မင်္ဂလာရှိတာပေါ့ရှင်။ မင်္ဂလာရှိတဲ့ အချိန်ကိုပြောင်းလဲမယ့်အချိန်မှာ ဖြူဖြူကလည်း အခွေသစ်လေးထွက်နိုင်တယ်၊ ဂီတပုံစံအသစ်လေး ကိုလည်း ပရိသတ်ကို ပေးနိုင်မယ်ဆိုတော့ ပျော်တာပေါ့” လို့ဆိုပါတယ်။
Apirl Fool တေးအယ်လ်ဘမ်ထဲမှာ တေးရေး စိမ့် နဲ့ သိန်းလင်းစိုး တို့နှစ်ဦး ပါဝင်ရေးသားထားကြပါတယ်။ ပါဝင်တဲ့ သီချင်းလေးပုဒ်ကတော့ Apirl Fool ၊ Sorry Girl ၊ Left You Go နဲ့ No More ဆိုပြီး တေးသီချင်း ခေါင်းစဉ်တွေကို အင်္ဂလိပ်လို အမည်ပေးထားတယ်လို့လည်းသိရပါတယ်။
“ဒီအခွေက ဧပြီ ၁ ရက်နေ့မှာထွက်တယ်၊ Apirl Foolလို့ နာမည်ပေးထားပေမယ့် သင်္ကြန်သီချင်းခွေ မဟုတ်ပါဘူး။ ဒါပေမယ့် တန်ခူးလဆိုတဲ့ မြူးကြွတဲ့လမှာ အချစ်သီချင်း မြူးမြူးလေး လေးပုဒ် ပါဝင်ပါတယ်။ ကိုယ်ပိုင်သံစဉ်သီချင်းတွေဖြစ်ပါတယ်” လို့လည်း ဖြူဖြူကျော်သိန်းက ရှင်းပြပါတယ်။
ဖြူဖြူကျော်သိန်းရဲ့ မွေးနေ့ကလည်း ဧပြီလ ၂၂ ရက်မှာ ကျရောက်မှာပါ။ ဒီနှစ်ကျရောက်မယ့် မွေးနေ့မှာ ဘာလုပ်ဖြစ်မလဲဆိုတာကိုတော့ မွေးနေ့ကျရင် ဖြူဖြူက မော်လမြိုင်က သောင်ပြင်ရွာမှာ သီချင်းသွားဆိုဖို့ ရှိပါတယ်လို့ ပြောပြခဲ့ပါတယ်။ တေးသံရှင် ဖြူဖြူကျော်သိန်းက ဒီနှစ်သင်္ကြန်ကို မန္တလေးမြို့ Alpine မဏ္ဍပ်မှာ ငါးရက်လုံး ပရိသတ်ကို ဖျော်ဖြေပေးသွားမှာလို့လည်း သိရပါတယ်။
အဆိုတော် ဖြူဖြူကျော်သိန်းဟာ ဂီတသက်တမ်း ၁၃ နှစ်ကာလအတွင်းမှာ တေးစီးရီးခြောက်ခွေ ထွက်ရှိထားပြီးဖြစ်ပါတယ်။