“သံယောဇဉ်နှောင်ကြိုး” (Remember) ရုပ်သံဇာတ်လမ်းမှာ ရှေ့နေ “ဆောဂျင်းဝူ” အဖြစ် သရုပ်ဆောင်ထားတဲ့ ကိုရီးယား မင်းသား “ယွန်းဆောင်ဟို” (Yoo Seung-ho) နဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကျေနပ်စေမယ့် အချက် ၅ ချက် ကို Korea Drama Star မဂ္ဂဇင်း သတင်းထောက် ဂျူလီဂျုံးက ရှာဖွေဖော်ထုတ် တင်ပြထားပါတယ်။
“သံယောဇဉ်နှောင်ကြိုး” ရုပ်သံဇာတ်လမ်းဟာ ၂၀၁၅ခုနှစ်က SBS ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့ပြီး အဓိက သရုပ်ဆောင်တွေကတော့ “ယွန်းဆောင်ဟို” နဲ့ “ဘတ်မင်ယောင်း” တို့ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် မင်းသား “ယွန်းဆောင်ဟို” ဟာ ဆယ်ကျော်သက် အရွယ်ကစလို့ သရုပ်ဆောင် လောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး သူ့ကို “ဆိုဂျီဆပ်” အငယ်စားလေးလို့ သတ်မှတ်ခြင်း ခံရသူလည်း ဖြစ်ပါတယ်။
(၁) ကလေးဘဝကတည်းက သရုပ်ဆောင်လုပ်ခဲ့သူ
“ဆောင်ဟို”ဟာ သူ အသက် ၆ နှစ်အရွယ်၊ ၁၉၉၉ခုနှစ်ကတည်းက Cellphones ကြော်ငြာတခုမှာ သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင် အလုပ်ကို စတင်ခဲ့ပါတယ်။ ၂၀၀၀ခုနှစ်၊ သူ အသက် ၇ နှစ် အရွယ်မှာ ပထမဆုံး ရုပ်သံဇာတ်လမ်းဖြစ်တဲ့ “Daddy Fish” ဇာတ်ကားမှာ ပထမဆုံး သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင် လောကထဲ ခြေချခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၁၇ နှစ် အရွယ်၊ ၂၀၁၀ ခုနှစ်ကို ရောက်တဲ့အခါမှာ “Flames of Desire” ရုပ်သံဇာတ်လမ်းမှာ အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ခွင့်ရခဲ့ပါတယ်။ အခုဆိုရင် ရုပ်သံ ဇာတ်လမ်း တွေ၊ ရုပ်ရှင်ဇာတ်ကားတွေမှာ မင်းသား ဆောင်းဟိုက အဓိကသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခွင့် ရရှိနေပြီ ဖြစ်ပါတယ်။
(၂) ဆယ်ကျော်သက်အရွယ်မှာ စစ်မှုထမ်းခဲ့သူ
ကိုရီးယားအမျိုးသားမှန်သမျှ အသက် ၁၈ နှစ်မှ ၃၅နှစ်ကြားမှာ စစ်တာဝန် မထမ်းမနေရ တာဝန် ထမ်းဆောင် ရပါတယ်။ “ဆောင်ဟို” ဟာ အသက်၂၀ အရွယ်၊ ၂၀၁၃ ခုနှစ်မှာ အထက်တန်းကျောင်းပြီးခဲ့ပြီး စစ်မှုတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အသက်ငယ်ငယ်မှာ စစ်မှုတာဝန်ထမ်းဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး ဆောင်ဟိုက “စစ်မှုထမ်းတဲ့သူ အများစုဟာ ဦးထုတ် အနီရောင်တွေကို ဂုဏ်ယူစွာနဲ့ ဆောင်းလေ့ရှိတာ ကျနော် မြင်ဖူးတယ်။ အဲ့ဒီလို စတိုင်မျိုးကို ကျနော် သိပ်သဘောကျမိတယ်။ ဒီလိုနဲ့ ဘာမှ သိပ်မစဉ်းစားဘဲ ကျနော် စစ်မှုတာဝန် ထမ်းဆောင်လိုက်တာပါ” လို့ ပြောပါတယ်။ သို့သော်လည်း သရုပ်ဆောင် တဦးဖြစ်နေတဲ့အတွက် သူဟာ စစ်မှုတာဝန်ထမ်းဆောင်ချိန်မှာ ပရိသတ်ရဲ့အားပေးမှုအရှိန် လျော့တတ်တာကို သဘောပေါက်နေတာကြောင့် ဆောင်ဟိုဟာ သရုပ်ဆောင်အလုပ်တွေကို အင်တိုက်အားတိုက် မလုပ်ကိုင်ခင် စစ်မှုထမ်းခဲ့တာလို့ ဝေဖန်မှုတွေ ရှိနေပေမယ့် ဆောင်ဟိုက အပြုံးမပျက်ခဲ့ပါဘူး။
(၃) ဘဝမှာ အမှတ်ရနေတဲ့ အချိန်အတွေအကြောင်း ပြောပြသူ
“ကျနော် စစ်မှုတာဝန်မထမ်းခင်မှာ သူငယ်ချင်းနဲ့ ဂျေဂျူးကျွန်းကို ခရီးသွားခဲ့တယ်။ ဒါကဘဝမှာ အမှတ်တရ တခုပါပဲ။ ကြိုတင်ပြင်ဆင်ခဲ့တဲ့ ခရီးတော့ မဟုတ်ပါဘူး။ အဲ့ဒီ ခရီးအတွက် ဇိမ်ခံပစ္စည်းတွေ သက်သောင့်သက်သာဖြစ်စေမယ့် ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ခဲ့တာ မဟုတ်ဘဲ လိုအပ်သလောက်ကိုပဲ သယ်ခဲ့တယ်။ အဲ့ဒီမှာ မိုးကလည်းရွာ အေးကလည်းအရမ်းအေးတယ်။ ကျနော်တို့ ဆိုင်ကယ်တစီး ငှားပြီး နေရာအနှံ့ လည်ကြတယ်။ အဲ့ဒီအချိန်ဟာ ပျော်ရွှင်စရာအချိန်တွေလို့ မှတ်ယူခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
(၄) စစ်မှုထမ်းပြီး အောင်မြင်မှုတွေ တရှိန်ထိုး ရရှိလာသူ
၂၀၁၃ ခုနှစ်မှာ စစ်မှုတာဝန် ထမ်းဆောင်ပြီးမှာ “ဆောင်ဟို”ဟာ “ဘတ်ရှင်ဟေး” နဲ့ တွဲဖက်ပြီး Music Video တခုမှာ အတူတွဲ သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ ဗီဒီယိုဟာ ပရိသတ်တွေကြားမှာ အထူးရေပန်းစားခဲ့ပြီး အဲဒီ နောက် ဆောင်ဟိုဟာ ရုပ်သံဇာတ်လမ်းတွေသာမက ရုပ်ရှင်ဇာတ်ကားတွေကိုပါ ဆက်တိုက် ရိုက်ကူးခဲ့ပါတယ်။
(၅) သူ ဘယ်လိုလူကို လက်ထပ်မလဲ
အသက်ငယ်သေးပေမယ့် သူ ဘယ်လိုမိန်းကလေးကို လက်ထပ်မယ်ဆိုတာတော့ ဆောင်ဟိုရဲ့ စိတ်ထဲမှာ ရှိနေပြီးသားပါ။ သူ လက်ထပ်လိုတဲ့ မိန်းကလေးက “ရိုးသားရမယ်၊ နောက်တချက်က ကျနော် ငယ်ငယ် ကတည်းက စိတ်ကူးယဉ်ခဲ့တဲ့ ချစ်သူမိန်းကလေးဟာ ဆံပင်အရှည် အတွန့်လေးတွေနဲ့ သူ ဆိုတာ အခုထိ မပြောင်းလဲသေးဘူး” လို့ သူက ဆိုပါတယ်။
Ref; kdramastars.com