Living Sound Entertainment ရဲ့ စီစဉ်မှုနဲ့ ပြည်ပ အဆိုရှင်တွေဖြစ်တဲ့ Charice ၊ Paula Deanda နဲ့ Karina တို့သုံးဦးဟာ မြန်မာနိုင်ငံတွင် လာရောက်ဖျော်ဖြေကြမှာဖြစ်ပါတယ်။
သူတို့သုံးဦးနဲ့အတူ မြန်မာနိုင်ငံမှ အဆိုရှင် အိုင်းရင်းဇင်မာမြင့်ကလည်း ဒီဖျော်ဖြေပွဲမှာ ပါဝင်မှာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ မိန်းကလေး အဆိုရှင်လေးဦးပါဝင်ကြမယ့် ဒီဖျော်ဖြေပွဲကို “Voice Of Angels” လို့ အမည်ပေးထားပြီး ဧပြီ ၈ ရက်နေ့မှာ ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ပြုလုပ်မှာ ဖြစ်ပါတယ်။
ဖျော်ဖြေပွဲမှာပါဝင်တဲ့ Charice က ဖိလစ်ပိုင်လူမျိုးဖြစ်ပြီး Pyramid သီချင်းနဲ့ လူသိများလာခဲ့ကာ သူ ငယ်စဉ်ကတည်းက Whitney Houston၊ Mariah Carey၊ Celine Dion၊ Beyonce တို့ရဲ့ နာမည်ကျော်တေးသီချင်းတွေကို အကောင်းဆုံး ပြန်လည်သီဆိုထားတဲ့ သူရဲ့ ဗီဒီယိုဖိုင်တွေဟာ ယူကျုအင်တာနက် စာမျက်နှာမှာ လူကြိုက်များ ထင်ရှားခဲ့သူလည်း ဖြစ်ပါတယ်။ အမေရိကန် ရုပ်သံအစီအစဉ်တင်ဆက်သူ Oprah Winfrey က ကမ္ဘာပေါ်မှာ အဆိုအကောင်းဆုံးလို့ သတ်မှတ်ပေးပြီး အာရှတိုက်ကနေ ကမ္ဘာ့ဂီတလောကကို ထိုးဖောက်ပြီး ဂုဏ်ယူစေခဲ့သူတဦးလည်းဖြစ်ပါတယ်။
နောက်ထပ် အသက် ၂၆ နှစ်အရွယ်ရှိ အမေရိကန် ပေါ့ပ်နဲ့ R&B အဆိုတော် Paula Deanda ရဲ့သီချင်း တော်တော်များများကို မြန်မာအဆိုတော် အများအပြား ပြန်လည်သီဆိုဖူးကြပြီး အမေရိကန် နာမည်ကျော် ရက်ပ်ပါများဖြစ်တဲ့ Lil’ Wayne၊ Bow Wow အစရှိတဲ့သူများနဲ့ တွဲဖက်သီဆိုခဲ့ပြီး အောင်မြင်ခဲ့သူတဦး လည်းဖြစ်ပါတယ်။
နောက်တဦးဖြစ်တဲ့ Karina ကတော့ ပထမဆုံးတေးအယ်လ်ဘမ်နဲ့ပဲ ဂရမ်မီ ဆုစာရင်းဝင်ခဲ့သူတဦး ဖြစ်ပါတယ်။
နှလုံးသားအရင်းအနှီးဆိုတဲ့ တေးသီချင်းနဲ့ မြန်မာ တနိုင်ငံလုံးက ဂီတပရိသတ်များရဲ့ အားပေးမှုကို ရရှိထားသူ အိုင်းရင်းဇင်မာမြင့် ရဲ့ ဖျော်ဖြေတင်ဆက်မှုလည်း ပါဝင်မှာပါ။
ပြည်တွင်းပြည်ပ အမျိုးသမီး အဆိုရှင် လေးဦးပါဝင်တဲ့ Voice Of Angel ဖျော်ဖြေပွဲ လက်မှတ်ဈေးနှုန်း များကို USD 95 သတ်မှတ်ထားပြီး VIP ကိုတော့ $200 နဲ့ VIP Package $360 လို့ သတ်မှတ်ထားပါတယ်။ VIP လက်မှတ်မှာတော့ ပါဝင်သီဆိုကြမယ့် တေးသံရှင်များနဲ့ ဓာတ်ပုံတွဲရိုက်ခွင့် ညစာအတူ စားခွင့်ပါရရှိမှာ ဖြစ်ပါတယ်။