အခုချိန်က ကျောင်းတွေလည်း ပိတ်၊ ရာသီဥတုကလည်း အရမ်းပူနေတဲ့ အချိန်ဆိုတော့ အခုလို အားလပ်ရက် Holidays မှာ လျှောက်လည်ရင်း၊ သွားရင်းလာရင်း ရင်အေးစေတဲ့ အစားအစာ၊ လမ်းကြုံဝင်စားလို့ရတဲ့ Ice Cream နဲ့ Milkshake ဆိုင် ၅ ဆိုင်ကို Foodie Myanmar ကနေ တဆင့် ဧရာဝတီက Guide အနေနဲ့ ဖော်ပြ ညွှန်းပေးလိုက်ပါတယ်။

(၁) Freakshake
ပထမဆုံး လတ်တလော Facebook မှာ ခေတ်စားနေတဲ့ ကန်တော်ကြီးထဲက Freakshake ဆိုတဲ့ ဆိုင်လေးကို ဖော်ပြပေးချင်ပါတယ်။ အမျိုးအစားကတော့ Milkshake အမျိုးအစားဖြစ်ပေမယ့် သူ့ရဲ့ တမူထူးခြားပြီး ကိုယ်ပိုင်ဆန်းသစ်တဲ့ အစားအသောက် အပြင်အဆင်ကြောင့် လူငယ်တွေကြားမှာ ရေပန်းစားလာတဲ့ ဆိုင်လေးဖြစ်ပါတယ်။
ထူးခြားတဲ့ Milkshake ခွက်ပုံစံ ဖြစ်ပြီး၊ ခွက်ကို Strawberry ယိုတွေ ဖိတ်ကျနေသယောင် သုတ်လိမ်းထားပြီး Milkshake ရည်ပေါ်မှ ရိုးရိုး Cream ကို ခွက်ရဲ့ အဝမှာ ပိတ်ကာ ချောကလက်ချောင်း၊ စတော်ဘယ်ရီသီး၊ Oreo နဲ့ တခြား အချိုချောင်းလေးတွေ အလှဆင်ထားပုံက အထူး ဆွဲဆောင်မှု ရှိပါတယ်။
Chocolate၊ Vanilla၊ Strawberry၊ Tea နဲ့ Yogurt ဆိုပြီး အရသာ ၅မျိုး ရှိပါတယ်။ ဈေးနှုန်းက ဘယ်အမျိုးအစားမဆို ၃၅၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး၊ မနက် ၁၁ နာရီမှ ည ၁၀ နာရီအထိ ဆိုင်ဖွင့်ပါတယ်။ ဒီဆိုင်လေးကို ဧရာဝတီမှာ ညွန်ထားပြီးသားပါ။
လိပ်စာ – ကန်တော်ကြီး၊ မျော်စင်ကျွန်း၊ မင်္ဂလာတောင်ညွန့်။

(၂) Ice Manias
နောက်တဆိုင်ကတော့ Ice Manias လို့ခေါ်ပါတယ်။ သူကတော့ ရေခဲမုန့်ကို အလိပ်လေးတွေ ဖြစ်အောင်လုပ်ပြီး ၇ လိပ် ပါဝင်ကာ အပေါ်မှ Topping ကို မိမိကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ ရရှိနိုင်တဲ့ အမျိုးအစားတွေကတော့ Green Tea, Hi Tea, Vanilla, Chocolate နဲ့Yogurt တို့ပဲဖြစ်ပါတယ်။
Topping အတွက် ပုံမှန်၊ Extra နှင့် Special ဆိုပြီး Package ၃ မျိုး ရှိပါတယ်။ ပုံမှန်က အသီးတမျိုးနဲ့ Topping ၁ မျိုး၊ Extra က အသီးတမျိုးနဲ့ Topping ၂ မျိုး၊ Special ကတော့ ပူတင်းခရင်မ် ပါဝင်ပါတယ်။ ဈေးနှုန်းအနေနဲ့ ၂၄၀၀ ကျပ်မှ ၃၅၀၀ ကျပ်ကြား ရှိပါတယ်။
လိပ်စာ – အမှတ် ၂၁/၆၊ ပဒုံမာလမ်း၊ စမ်းချောင်းမြို့နယ်။

(၃) Snow Factory
အုန်းမှုတ်ခွက်နဲ့ ရေခဲခြစ်၊ ရေခဲမုန့် ရောင်းတဲ့ဆိုင် ဖြစ်ပါတယ်။ ဆိုင်နာမည်က Snow Factory ဖြစ်ပြီး ဆိုင် အပြင်အဆင်က Factory ပုံစံ ပြင်ဆင်ထားပါတယ်။ နှင်းများကဲ့သို နို့အရသာရေခဲခြစ်ကို အလျှံအပယ် ထည့်ပေးထားပြီး အဲဒီအပေါ်မှာ Cereal, အုန်းသီးခြစ် တို့အပြင် ထူးထူးခြားခြား ငှက်ပျော ဆနွင်းမကင်းလိုမျိုး မြန်မာမုန့်တွေပါ Topping အနေနဲ့ အသုံးပြုထားပါတယ်။
၉ မိုင်၊ မြောက်ဒဂုံနဲ့ ဗဟန်းမြို့နယ်တွေမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားပြီး၊ ဈေးနှုန်းအနေနဲ့ တယောက်စားလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ ဒီဆိုင်ကိုလည်း ဧရာဝတီမှာ တခါ ညွန်ထားဖူးပါတယ်။
လိပ်စာ – တိုက်အမှတ် (C)၊ ပုလဲကွန်ဒို၊ ဗဟန်းမြို့နယ်။
(၄) Frolick
နောက်တဆိုင်အနေနဲ့ Singapore Franchise ယူထားတဲ့ Frolick ရေခဲမုန့်ဆိုင်ကို ညွှန်းချင်ပါတယ်။ ရန်ကုန်မှာ ဖွင့်ထားတာ ၅ နှစ်လောက် ရှိပါပြီ။ Frolick ရေခဲမုန့်က Cream များများနဲ့ ရောစပ်ထားတာကြောင့် ပျစ်ပျစ်နှစ်နှစ်ရှိပြီး အရသာ ဆိမ့်ဆိမ့်လေးပါ။
Imported Ingredients တွေကိုသာ အသုံးပြုထားတာကြောင့် ဒိန်ချဉ်ကအစ မတူညီတဲ့ အရသာကို ပေးစွမ်းနိုင်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဖျော်ထားတဲ့ Frolick Smoothies တွေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရလည်းရှိပါတယ်။
Original Frolick Yogurt, Fruit Bowl နှင့် Mixed Berry Smoothie တွေက လူကြိုက်များပါတယ်။ ဈေးနှုန်းတွေကတော့ ၁၃၀၀ ကျပ်ကစပြီး ၄၅၀၀ ကျပ်အထိ ရှိပါတယ်။ တော်ဝင် စင်တာ၊ Junction Square နဲ့ Myanmar Culture Valley တို့မှာ Frolick ဆိုင်ခွဲတွေ ရှိပါတယ်။
လိပ်စာ – အမှတ် (B-၀၂၆) တော်ဝင်စင်တာ၊ ဒဂုံမြို့နယ်။

(၅) Victoria Ice Cream Parlour
နောက်ဆုံးတဆိုင်အနေနဲ့ Homemade ကိုယ်တိုင်လုပ် ရေခဲမုန့်လေးတွေ ရနိုင်တဲ့ Victoria Ice Cream Parlour ဆိုင်လေးကို ဖော်ပြလိုက်ပါတယ်။ Ready-made တွေ မသုံးဘဲ Home Recipes တွေသုံးပြီး ပြုလုပ်ထားတဲ့ ရေခဲမုန့်တွေကိုသာ ရောင်းချပါတယ်။
Green Tea, Tao (ပိန်းဥ)၊ Strawberry အရသာ ဒိုမီနို၊ သစ်သီး ဒိန်ချဉ်၊ ရေခဲမုန့်တွေ ရရှိပါတယ်။ ရာသီစာအနေနဲ့ ရေခဲခြစ်၊ ရေခဲသုတ် စတာတွေ ရရှိနိုင်ပြီး ပါဝင်တာတွေက ထန်းသီးစေ့၊ ဖရုံယို၊ သဘောၤသီးခြောက်ကြော် တို့ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၆၀၀ ကျပ်နဲ့ ၂၀၀၀ ကျပ် ကြားရှိတာကြောင့် သက်သာတယ်လို့ ဆိုနိုင်ပါတယ်။
လိပ်စာ – မြန်မာ ပလာဇာ၊ ပထမထပ်၊ ကမ္ဘာအေးဘုရားလမ်း။
Foodie Myanmar Mobile Application ကို Google Playstore မှာ ဒေါင်းလုဒ်ရယူပြီး အသုံးပြုနိုင်ပါတယ်။
http://bit.ly/InstallFoodieMyanmarOnAndroid