Lifestyle

ဘယ်ဇာတ်ရုပ်မျိုးမဆို တန်ဖိုးထားပြီး သရုပ်ဆောင်မယ့် လူရွှင်တော် မေတ္တာ

This article has been converted from Zawgyi One to Unicode

ရုပ်ရှင်ဇာတ်ကားပဲဖြစ်ဖြစ် ဗီဒီယိုဇာတ်ကားပဲဖြစ်ဖြစ် အဆိုပါ ဇာတ်ကားတွေရဲ့ ရုပ်လုံးကို ပိုမိုကြွလာ အောင် တထောင့်တနေရာကနေ ပါဝင်အားဖြည့်ပေးရတဲ့ ဇာတ်ပို့တွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးလှပါတယ်။ ဇာတ်ပို့တယောက် ပါဝင်ရတဲ့ အခန်းက နည်းနေရင် နည်းနေနိုင်ပေမယ့် တခန်းဆို တခန်း ကြည့်သူပရိသတ်တွေကို ဆွဲဆောင်နိုင်ဖို့ သဘောကျစေဖို့ အရေးကြီးတယ် မဟုတ်ပါလား။

မကြာမီ ရုံတင်ပြသတော့မယ့် သင်္ကြန်ပြတိုက်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် လူရွှင်တော် မေတ္တာတယောက် ဇာတ်ဝင်ခန်း သုံးခန်းနဲ့ ပရိသတ်တွေ တဝါးဝါး ပွဲကျစေခဲ့တာကို တွေ့ရပါတယ်။ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်က တခြားတော့မဟုတ် မိန်းမလျာ ဇာတ်ရုပ် ဖြစ်ကာ အဲ့ဒီဇာတ်ရုပ်ကို အပီအပြင် သရုပ်ဆောင်နိုင်တဲ့ မေတ္တာရဲ့ သဘာတွေကြောင့်ထင်ပါရဲ့။

ဒီဇာတ်ကားရဲ့ မိန်းမလျာဇာတ်ရုပ်က မဏ္ဍပ်မှာ စပွန်ဆာလိုတဲ့ ကောင်လေးတွေကို စပွန်ဆာပေးရတဲ့ ကုမ္ပဏီပိုင်ရှင်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်မှုများဖြစ်ကာ ဒါကို ပရိသတ်များ သဘောကျစေခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုဇာတ်ရုပ်ကို သရုပ်ဆောင်ဖြစ်တာနဲ့ ပတ်သက်လို့ ဟာသလူရွှင်တော်မေတ္တာက “ဒီကားမှာ ဦးမေတ္တာက သုံးခန်းပဲ ရိုက်ပါမယ်လို့ ပြောထားပါတယ်။ ဒါကြောင့် သုံးရက်ပဲ ရိုက်ခဲ့ရတယ်ပေါ့။ ဒီကာရိုက်တာကို ရိုက်ဖြစ်ခဲ့တာက လူတွေကိုဖြေဖျော်တာကိုး။ ဒါရိုက်တာက မောင်မျိုးမင်းဖြစ်နေတာကိုး။ သူက ကိုယ်လေးစားတဲ့ ဒါရိုက်တာထဲမှာ ပါတယ်လေ။ သူပုံစံက ခပ်တည်တည်ကြီးနဲ့ လုပ်ရတာလေ ကျောင်းသားဘဝတုန်းက အဲလို ခပ်တည်တည်ကြီးနဲ့ ယောက်ျားတွေကို ကြုံဖူးတယ်။ အဲလို ကြုံဖူးတာတွေကို မျက်စိထဲ မြင်ပီးတော့ ရှိမှာပဲဆိုပြီး အဲဒီကာရိုက်တာကို လုပ်ခဲ့တယ်။ တွေ့ဖူးတယ်ဆိုတာ ကျနော် ပထမနှစ်လောက်တုန်းက ဆရာကြီးပေါ့ သူက တကယ်သန်သန်မာမာကြီးနဲ့ အဲလိုဖြစ်နေတာ။ ကိုယ်က စစသိတော့ အံ့တောင်အံ့သြနေခဲ့တာ ဘယ်လိုဖြစ်သွားတာပါလိမ့်ပေါ့။ ဒီကားရိုက်ဖို့ လာငှားတုန်း ကတော့ ဦးမျိုးကပြောပြတော့ စဉ်းစားပြီး ငါလုပ်မယ်ဆိုပြီးတော့ အခု အဲဒါကိုတွေးပြီး ပြန်ရယ်ချင် နေတယ်။သူကအပုန်းပေါ့ ခေတ်စကားပြောမယ်ဆိုရင် သူကသင်္ကြန်ကျမှ ပွင့်သွားတာပေါ့။ မိန်းမလို ဝတ်ရတာ။သူတို့ကလည်း ပြောပြထားတယ်။ပထမ အပုန်းနော် သင်္ကြန်ကျရင်တော့ ပွင့်ပေးရမယ်နော် ဆိုတော့ လုပ်ပေးခဲ့တာပါ” လို့ သင်္ကြန်ပြတိုက် မှာ သရုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး ဧရာဝတီကို ပြောပြပါတယ်။

ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်တတ်တဲ့ သရုပ်ဆောင်လူရွှင်တော်မေတ္တာအနေနဲ့ မိန်းမလျာ ဇာတ်ရုပ်ကို အရင်တုန်းက မိုးပေါ်ခုန်တက် ကလိုက်ချင်တယ် ဆိုတဲ့ရုပ်ရှင်ကားကြီးမှာလည်း သရုပ်ဆောင်ခဲ့ဖူးကြောင်း၊ ပရိသတ်တွေအနေနဲ့ ကိုယ်ရဲ့သရုပ်ဆောင်မှုကို သဘောကျတယ်ဆိုရင် ကျေနပ်ကြောင်း၊ ဒီလိုမိန်းမလျာတွေရဲ့ စိတ်ကလေးကိုလုပ်ပြပြီး သရုပ်ဆောင်ရလို့ ပရိသတ် အထင်မှားမှာကို မစိုးရိမ်ပါဘဲ တခြား ကာရိုက်တာ ကြာကူလီဆိုရင်လည်း သရုပ်ဆောင်မှာဖြစ်ကြောင်း သူက ဆိုပါတယ်။

“ကျနော်တို့ သရုပ်ဆောင်လူရွှင်တော်တွေဆိုတာ ရှင်ဘုရင်ဆိုရင်လည်းထွက်တတ်ရမယ်။ မင်းသား ဆိုရင်လည်း ထွက်တတ်ရမယ်။ သူက ကျရာ အကုန်လုပ်ရတာကိုး။ အဲဒါလေးကို ကျနော်ဖီလင်ရှိပါတယ်။ တန်ဖိုးထားပါတယ်”လို့ ဦးမေတ္တာက ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်လူရွှင်တော် မေတ္တာ ပါဝင်သရုပ်ဆောင်ထားတဲ့ သင်္ကြန်ပြတိုက် ရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီ ၁ ရက်နေ့မှာ ရုံတင်ပြသပေးတော့မှာဖြစ်ပြီး သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်၊ ခင်ဝင့်ဝါနဲ့ နန်းဆုဦးတို့ ပါဝင်သရုပ်ဆောင်ထားကြသော သင်္ကြန်အပျော် ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။

Loading